သရက်ချောင်းတွင် တိမ်းရှောင်နေရသည့် ဒေသခံများနေရပ်ပြန်

0
2694

တိုက်ပွဲများကြောင့် မတ်လ ၃ ရက်နေ့တည်းက တိမ်းရှောင်နေရသည့် သရက်ချောင်းမြို့နယ်မှ ဒေသခံများ နေရပ်ပြန်လာကြပြီဖြစ်ကြောင်း ၎င်းတို့ကပြောဆိုသည်။

ထားဝယ်မှ မြိတ်ဘက်ကိုဆင်းလာသည့် စစ်ကောင်စီတပ်ယာဉ်တန်း သရက်ချောင်းမြို့နယ် ထားဝယ်-မြိတ်သွားကားလမ်း ပိတိုင်ရွာအရောက်တွင် မိုင်းဆွဲတိုက်ခိုက်ခံရပြီး နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

မိုင်းဆွဲတိုက်ခိုက်မှု၊ ပစ်ခတ်မှုနှင့် စစ်ကောင်စီယာဉ်တန်း သရက်ချောင်းဘက်ကို ဆင်းလာသည်ဆိုသည့် သတင်းများကြောင့် မြိတ်-ထားဝယ်ကားလမ်းဘေးရှိ ပိတိုင်ရွာ၊ ရငဲ၊ ကမြိုင်၊ သိမ်ကုန်း၊ ဝဲရစ်ကျေးရွာမှ ဒေသခံအများစု ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း၊ ရငဲကျေးရွာမှ‌ ဒေသခံများမှာ ရွာလုံးကျွတ်နီးပါးထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်ဟု ဒေသခံအချို့က ပြောသည်။

“ဒီနေ့ မနက်နည်းနည်း အေးပြီဆိုမှ ပြန်လာကြတာ၊ မနေ့ညတည်းကတော့ သတင်းတွေကြားပေမယ့် ဘယ်သူ့မှ မယုံကြဘူးလေ၊ ဒီနေ့ မနက်မှနဲနဲပါးပါး ပြန်လာကြပေါ့နော်၊ တချို့ဆို ပြန်ကိုမလာကြသေးဘူး” ဟုရငဲကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

စစ်ကောင်စီယာဉ်တန်းမှာ ကားအစီးရေ ၂၄ စီးခန့်ရှိပြီး စစ်ကားနှင့် လာသူရှိသလို ကားလမ်းမအတိုင်း ခြေလျှင်စစ်ကြောင်း လျောက်လာသည့် စစ်ကြောင်းလည်းရှိသည်ဟု ဒေသခံအချို့က ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့များသည် ဝင်လာချိန်တွင်လည်း လက်နက်ငယ်များရမ်းသမ်းပစ်ခတ်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် မြိတ်-ထားဝယ်ကားလမ်းတစ်လျှောက်ရှိ ကျေးရွာမှ ဒေသခံများ ဘေးလွတ်ရာကို ထွက်ပြေးကြရခြင်းဖြစ်သည်ဟု ဆိုသည်။

မတ်လ ၅ ရက် နေ့ညနေပိုင်းက စစ်ကောင်စီတပ်များ ပြန်လည်ထွက်ခွာချိန်တွင်လည်း လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သေးသည်ဟု ရငဲကျေးရွာမှ ဒေသခံအမျိုးသားက ဆိုသည်။

ကားအစီးရေ ၂၄ စီး ခန့်ပါသည့် စစ်ကောင်စီတပ်ယာဉ်တန်းမှာ မတ်လ ၃ ရက် မနက် ၇ နာရီ ၁၀ မိနစ်ခန့်က မြိတ်-ထားဝယ်သွားကားလမ်းရှိ ပိတိုင်ရွာတွင် မိုင်းဆွဲတိုက်ခိုက်ခံရပြီး အပြန်အလှန်ပစ်ခတ်မှု ၁၀ မိနစ်ခန့်ဖြစ်ပွားခဲ့ကြောင်း ဒေါင်းမင်းစစ်ဆင်ရေးတပ်ဖွဲ့က ယနေ့ (မတ် ၆) ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်က သေဆုံးသူ ၂၂ ဦးနှင့် ဒဏ်ရာရသူ  ၅ ဦးခန့်ရှိပြီး ကားတစ်စီးတိမ်းမှောက်၊ တစ်စီးမီးလောင်ပျက်စီးသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အထက်ပါပြောဆိုချက်နှင့်ပတ်သက်ပြီး Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။

စစ်ကောင်စီတပ်၏ ခြေလျှင်စစ်ကြောင်းနှင့် ကားတန်းသည် သိမ်ကုန်းရွာနှင့် ဝဲရစ်ရွာကြားတွင် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး သိမ်ကုန်းရေတံခွန်လမ်းဝတွင် ဒုတိယအကြိမ်ထပ်မံတိုက်ခိုက်ခံခဲ့ရကြောင်း ဒေသခံအချို့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့က ပြောဆိုထားသည်။

သိမ်ကုန်းကျေးရွာနှင့် ဝဲရစ်ရွာကြား၊ သိမ်ကုန်းရေတံခွန်လမ်းဝ နှစ်နေရာတွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့က ထုတ်ပြန်ခြင်းမရှိသေးပေ။