ကျိုက်ထိုတွင် ဗုံးဖြင့်ပစ်ခတ်ခံရသောကြောင့် အမျိုးသားနှစ်ဦးသေဆုံး

0
2484

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာတွင် လက်ပစ်ဗုံးဖြင့်ပစ်ခတ်ခံရသောကြောင့် အမျိုးသားနှစ်ဦး သေဆုံးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

အင်္ဂဘိုကျေးရွာ ရှမ်းစုပိုင်းရှိ ရော်ဘာခြံတစ်ခုတွင် မတ်လ ၅ ရက် ညနေ ၄နာရီခန့်က ဦးစိုးသန်းနှင့် ခြံလုပ်သား ကိုစိုးလင်းဦးဆိုသူတို့နှစ်ဦး အလုပ်လုပ်နေစဉ် လူတစ်စုက ဆိုင်ကယ်ဖြင့် ရောက်လာပြီး လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။

ရော်ဘာခြံပိုင်ရှင် အသက် ၇၄နှစ်အရွယ် ဦးစိုးသန်းနှင့် အသက် ၁၈နှစ်အရွယ် ကိုစိုးလင်းဦးတို့နှစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး အခင်းဖြစ်ပွားနေရာတွင်ပင် သေဆုံးသွားကြောင်း ကျိုက်ထိုဒေသခံတစ်ဦးက ဆိုသည်။

“သူတို့က ခြံထဲမှာရှိနေတဲ့အချိန် ဗုံးနဲ့ လာပစ်သွားတယ်။ နှစ်ယောက်စလုံးကတော့ ပွဲချင်းပြီး ဆုံးသွားတယ်။ လုပ်တဲ့လူတွေက ဘယ်သူဘယ်ဝါဆိုတာကတော့ မသိသေးဘူး” ဟု ၎င်းက ပြောဆိုသည်။

ရုပ်အလောင်းတို့ကို လူမှုကူညီရေးအသင်း လူနာတင်ယာဉ်ဖြင့် ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပြီး ခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဦးစိုးသန်းနှင့် ကိုစိုးလင်းဦးတို့နှစ်ဦးအား မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ဗုံးဖြင့် ပစ်ခတ်ခဲ့သည်ကို မသိရသေးပေ။

ပြီးခဲ့သည့် ဖေဖော်ဝါရီကလည်း ကျိုက်ထိုမြို့နယ် တဂေးချောင်းဖျားကျေးရွာ မူလတန်းကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နွယ်ဦးကို အမည်မသိလူတစ်စုက ဖမ်းဆီးသတ်ဖြတ်ခဲ့သေးသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ကျိုက်ထိုမြို့နယ်အတွင်း၌ အရပ်သားသတ်ဖြတ်ခံရသည့်ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

အရပ်သားသတ်ဖြတ်ခံရမှုဖြစ်စဉ်တွင် စစ်ကောင်စီတပ်ဘက်က သတ်ဖြတ်မှုများရှိသလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့ဘက်က သတ်ဖြတ်မှုလည်း ရှိသည်။ ယင်းအပြင် လက်သည်မပေါ်ဘဲ သတ်ဖြတ်ခံရသူများလည်း ရှိနေသည်။