ဝန်ထမ်းများလိုက်ပါလာသည့်ကား ကလိန်အောင်မြို့အနီးတွင် ပစ်ခတ်ခံရ

0
2513

ကလိန်အောင်မြို့ရှိ ဆောက်လုပ်ရေးရုံးများမှ ဝန်ထမ်းများလိုက်ပါလာသည့် ကားတစ်စီးကို စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်သဖြင့် ၅ ဦးခန့်အနည်းဆုံး ဒဏ်ရာရရှိသွားကြောင်း ဒေသခံများကဆိုသည်။

ရေဖြူမြို့နယ် ကျောက်ရှပ်ရွာအနီးတွင် မတ်လ ၅ ရက်  ညနေ ၆ နာရီကျော်က အမျိုးသား၊အမျိုးသမီး ဝန်ထမ်း ၁၅ ဦးခန့် လိုက်ပါလာသည့် အဖြူရောင်ထရပ်ကား ပစ်ခတ်ခံရခြင်းဖြစ်သည်။

ယင်းဝန်ထမ်းများသည် ရေဖြူမြို့ပေါ် ဘောလုံးပြိုင်ပွဲတစ်ခုမှ ပြန်လာစဉ် ကျောက်ရှပ်ရွာအနီး ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့က ရပ်ခိုင်းသည်ကို မရပ်ပေးသဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံအချို့ကပြောသည်။

ဒဏ်ရာရသူများမှာ ကလိန်အောင်မြို့ မရမ်းချောင်းရွာမှ ၂ ဦး ၊ ကလိန်အောင်မြို့‌ပေါ်မှ ၁ ဦးနှင့်  ကျောက်ရှပ်ရွာမှ ၂ ဦး စုစုပေါင်း ၅ ဦး ကျည်ဆန်ထိမှန်ဒဏ်ရာခဲ့သဖြင့် ကလိန်အောင်ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း ‌ဒေသခံများကပြောသည်။

“ကားပေါ်ပါလာတဲ့သူတွေ နယ်ခံတွေမဟုတ်ဘဲ ဝန်ထမ်းတွေ ဖြစ်တော့ ဒဏ်ရာရသူတွေရဲ့အမည်နဲ့ အသက်တွေကိုတော့ တိတိကျကျမပြောနိုင်သေးဘူး “ ဟု ဒေသခံတဦးကဆိုသည်။

ဖေဖော်ဝါရီလအတွင်းကလည်း ရေး – ထားဝယ်ကားလမ်းမပေါ်တွင် အရပ်သားကတစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုက မှားယွင်းပစ်ခတ်မိသဖြင့် ဘုန်းကြီးတပါးပျံလွန်ကာ အမျိုးသမီးကြီး တစ်ဦး‌သေဆုံးခဲ့ဖူးသည်။

ယင်းဖြစ်ရပ်အတွက် ပစ်ခတ်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့က တောင်းပန်ကြောင်း ထုတ်ပြန်ခဲ့သည်။