လောင်းလုံးတွင် ရပ်ကွက်အုပ်ချုပ်ရေးမှုးတစ်ဦး ပစ်ခတ်ခံရ၊ ပွန်းပဲ့ဒဏ်ရာသာ ရရှိဟုဆို

0
2508

လောင်းလုံးမြို့ပေါ် တွင် ယနေ့ (မတ် ၅) မနက်ပိုင်းက (ဃ) ရပ်ကွက်အုပ်ချုပ်ရေးမှုး ဦးမင်းသိန်း ပစ်ခတ်ခံရသည်ဟု ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

ယနေ့မနက် ကိုးနာရီကျော်ကျော်ခန့်က ဦးမင်းသိန်းမှာ ဆိုင်ကယ်ဖြင့်အိမ်ပြန်လာစဉ် လမ်းတစ်နေရာတွင် ပစ်ခတ်ခံရခြင်းဖြစ်သည်။

“ပစ်သံက ကြားရတာ လေးငါးရှစ်ချက်လောက်ရှိတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

ပစ်ခတ်ခံရမှုကြောင့် ဦးမင်းသိန်းတွင် ပွန်းပဲ့ဒါဏ်ရာအနည်းငယ်သာ ရရှိခဲ့သည်ဟု သိရပြီး အချို့‌မျက်မြင်တွေ့ရှိသူများကမူ ဦးမင်းသိန်းကို ထိမှန်ခဲ့ခြင်းမရှိကြောင်း ပြောသည်။

၎င်းမှာ NLD အစိုးရလက်ထက်တွင် လောင်းလုံးမြို့နယ် (ဃ)ရပ်ကွက်အုပ်ချုပ်ရေးမှုးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို အာဏာသိမ်းပြီးနောက်ပိုင်းတွင်လည်း အဆိုပါရပ်ကွက်အုပ်ချုပ်ရေးမှုအဖြစ် ဆက်လက်တာဝန် ထမ်းဆောင်ခဲ့သူဖြစ်သည်။

ဦးမင်းသိန်းကို စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေမှုအား ရပ်တန့်ရန် သတိပေးသည့်အနေဖြင့် ပြီးခဲ့သည့်နှစ် ဧပြီလ ၇ ရက်နေ့က လက်နက်ကိုင်တစ်စုက ၎င်း၏ဦးခေါင်းကို သေနတ်ဒင်ဖြင့် ထုရိုက်ခဲ့ဖူးသည်။

သို့သော် ဦးမင်းသိန်းမှာ လက်နက်ကိုင်ဆောင်ကာ ၎င်းကိုထောက်ခံသူများနှင့်ပူးပေါင်း၍ စစ်‌ကောင်စီထောက်ခံသူများ(ပြည်သူ့စစ်) အဖွဲ့ဖွဲ့စည်းပြီး စစ်ကောင်စီနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ပြီးခဲ့သည့်ဖေဖော်ဝါရီ ၁၆ ရက်နေ့ကလည်း ဦးမင်းသိန်းနှင့် တစ်ဖွဲ့တည်းဖြစ်သည့် လောင်းလုံးမြို့ ပြည်သူစစ်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုအောင်ဆန်းဦးမှာ ၎င်း၏နေအိမ်တွင်ပင် ပစ်သတ်ခံလိုက်ရသေးသည်။

ယမန်နှစ် နိုဝင်ဘာလ ၁၀ ရက်နေ့ကလည်း ဦးမင်းသိန်း၏ တူတော်စပ်သူဖြစ်သည့် အသက် သုံးဆယ်ကျော်အရွယ်ရှိ ကိုမင်းဝါဆိုသူ ပစ်ခတ်ခံရပြီး လက်မောင်းတွင် ဒဏ်ရာရရှိ၍ ဆေးကုသမှုခံယူခဲ့ရသေးသည်။

ဦးမင်းသိန်းကို မည်သည့်အဖွဲ့က လာရောက်ပစ်ခတ်သွားသည်ဆိုသည်ကို ထုတ်ပြန်ခြင်းမရှိသေးပေ။