စီးပွားကပျက် လောင်စာကစျေးတက်

0
2661

စစ်အာဏာသိမ်းမှုနှင့်အတူ အထွေထွေအကျပ်အတည်း ဆိုက်နေသည့်မြန်မာနိုင်ငံတွင် အသေးစား၊ အလတ်စား စီးပွား‌ရေး လုပ်ငန်းများ ရပ်ဆိုင်းနေသလို နိုင်ငံတကာ စီးပွားရေး လုပ်ငန်းများလည်း စွန့်ခွာနေကြပြီဖြစ်သည်။

မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းတွင်လည်း ခရီးသွားအခြေပြု လုပ်ငန်းအားလုံးနီးပါး ရပ်ဆိုင်းနေသလို၊ အသေးစား၊ အလတ်စား လုပ်ငန်းများ၊ စားသောက်ဆိုင်လုပ်ငန်းများလည်း အားလုံးနီးပါး ရပ်တန့်နေသည်။

ဒေသမတည်ငြိမ်မှုကြောင့် စိုက်ပျိုးရေးနှင့် ဥယျာဉ်ခြံလုပ်ငန်းများမှာလည်း ပစ်ထားရသည့် ဒေသအများအပြားရှိနေသည်။

ယင်းသို့ စီးပွားပျက်ပြီး ငွေကြေးကျပ်တည်းနေချိန်တွင် ချက်ပြုတ်ရာ၌ နေ့စဉ်မရှိမဖြစ်သုံးနေရသည့် လောင်စာအသီးသီးမှာ စျေးအဆမတန်မြင့်တက်နေသည်။

ထင်း၊မီးသွေးစျေးများ ၂ ဆခန့်မြင့်တက်သွားသလို မီးဖိုချောင်သုံး ဂတ်စ်စျေးမှာလည်း အလွန်အမင်းစျေးတက်နေသည်။

တနင်္သာရီတိုင်းမှာ ပုဂ္ဂလိကလျှပ်စစ်မီးသာ အသုံးပြုရသည့် ဒေသဖြစ်သည့်အလျှောက် လျှပ်စစ်စျေးမြင့်တက်မှု ဒဏ်ကိုလည်း ခံနေကြရသည်။

ချက်ပြုတ်စားသောက်ရန် လောင်စာစျေးများ မြင့်တက်မှုမှာ စားဖို့မနည်းရုန်းနေကြရသည့် တောင်ပိုင်းသားများအတွက် ပိုမိုဝန်ပိလာနေသည်။

ယင်းအခြေအနေများကို ယခုအပတ် ‘တနင်္သာရီပုံရိပ်’ အစီအစဉ်တွင် မေးမြန်းဖော်ပြလိုက်ပါသည်။

“မီးသွေးဈေးက တက်လာတာပေါ့ တစ်အိတ်တစ်သောင်းကျော်နေပြီ”

မြိတ်မြို့၊ ကန်ဖျားရပ်နေ အသက် ၆၀ နှစ်ရှိအမျိုးသမီးတစ်ဦး။

DW ။ အိမ်မှာ ဘယ်လိုလောင်စာတွေ သုံးဖြစ်နေလဲ။

ဖြေ ။ လျှပ်စစ်မီးရော၊ မီးသွေးပါသုံးတယ်၊ လျှပ်စစ်မီးက ထမင်းပေါင်းအိုးချက်တယ်၊ ရေခဲသေတ္တာတို့၊ မီးတို့သုံးတာပေါ့ ရေပူ(ရေနွေး)အိုးရော တည်တယ်။

DW ။ ဘာကြောင့် နှစ်မျိုးစလုံးသုံးရတာလဲ တစ်မျိုးကိုပဲ ရွေးသုံးလို့မရဘူးလား။

ဖြေ ။ အရင်တုန်းကရတယ်လေ၊ လျှပ်စစ်မီးမရခင်ကတည်းကဆိုရင် ထင်းနဲ့ မီးသွေးပဲ မင်းဟင်း(ထမင်းဟင်း)တည်ချက်တာ၊ တစ်မျိုးတည်းသုံးတာပေါ့၊ နောက်တော့ လျှပ်စစ်မီးပေါ်လာတော့ ထမင်းပေါင်းအိုး၊ ရေနွေးအိုး၊ အကြော်အလှော်အိုး‌တွေလည်း ပေါ်လာတယ်၊ လျှပ်စစ်မီးက တစ်ယူနစ်လေးရာကျော်‌ကျော်ပဲဆိုတော့ သုံးလို့အဆင်ပြေတယ်၊ အဲတုန်းကဆိုရင် မီးသွေးတောင် မသုံးဖြစ်တော့ဘူး၊ လျှပ်စစ်ပဲသုံးတယ်၊ နောက်တော့ လျှပ်စစ်မီး မီတာဈေးတွေ ပြေးတက်လာလို့ မီးသွေးလည်း ပြန်သုံးနေရပြီ။

DW ။ ဘယ်အချိန်လောက်ကတည်းက မီး‌သွေးကို ပြန်သုံးဖြစ်တာလဲ။

ဖြေ ။ သေချာတော့ မမှတ်မိဘူး၊ နှစ်နှစ်ကျော် သုံးနှစ်နီးပါးရှိမယ်၊ မီးဈေးတွေ ပြေးတက်လာလို့ မီးသွေးကိုပြန်သုံးရတာ။

DW ။ အခုဆိုရင် မီးသွေးဈေးလည်း တက်လာနေတော့ သုံးလို့ရောအဆင်ပြေရဲ့လား။

ဖြေ ။ ပြေပါတယ်၊ မီးသွေးဈေးက တက်လာတာပေါ့ တစ်အိတ်တစ်သောင်းကျော်နေပြီ၊ လျှပ်စစ်မီးက တစ်ထောင်ကျော်တယ် တစ်ယူနစ်ကို၊ လျှပ်စစ်မီး သပ်သပ်သုံးရင် ကုန်ကျစရိတ်ပိုများလို့ မီးသွေးကို ဘန်ပြီးသုံးနေရတယ်။

DW ။ ဘယ်လိုမျိုး ဘန်ပြီးသုံးတာလဲ။

ဖြေ ။ အဓိက ထမင်းဟင်းချက်ရင် ထမင်းအိုးကလွဲပြီး ကျန်တာ မီးသွေးပဲသုံးတာ၊ လျှပ်စစ်မီးကို လျှော့လိုက်တာပေါ့၊ ဒါတောင်တစ်လတစ်လကို မီးသွေးနှစ်အိတ်ကုန်တယ်။

DW ။ ဒီလို လျှပ်စစ်မီးကို လျှော့သုံးတော့ ကုန်ကျစရိတ်ကရော သက်သာရဲ့လား။

ဖြေ ။ မီးသွေးမသုံးပဲ မီးပဲသုံးမယ်ဆိုရင် တစ်လကို မီတာခ နှစ်သိန်းနီးပါးအထိ ကျတယ်၊ မီးသွေးကိုမျှသုံးလိုက်တော့ တစ်သိန်းကျော်ကျော်လေးပဲ ပေးရတာ၊ မီးသွေးဖိုးက နှစ်သောင်းခွဲလောက်ကျသွားမှာပေါ့၊ အားလုံးပေါင်းရင် တစ်သိန်းခွဲကျော်ကျော်လေး ကုန်တယ်။

DW ။ ဒီလိုမျိုး မီး‌သွေးဈေးတွေ မီတာဈေးတွေရော ကုန်ဈေးနှုန်းတွေအစပေါ့ ဈေးတွေတက်လာတာက ဘာကြောင့်လို့ ထင်ပါသလဲ။

ဖြေ ။ ထွေထူးပြောစရာမလိုဘူးလေ၊ စစ်တပ်က အာဏာသိမ်းပြီးကတည်းက ဈေးတက်တာတွေက တောက်လျှောက်တက်နေတာပဲ။

“မီး‌သွေးဈေးတက်၊ ကုန်ဈေးနှုန်းတွေ တအားတက်လာတော့ အရင်လို အဆင်မပြေတော့ဘူး”

မြိတ်မြို့၊ မြိတ်တောင်နယ်မြေရှိ ထမင်းဟင်း အရောင်းဆိုင်ရှင် အမျိုးသမီးတစ်ဦး

DW ။ ဆိုင်မှာ ဘယ်လိုလောင်စာကို အသုံးပြုနေပါသလဲ။

ဖြေ ။ မီးသွေးပဲသုံးတယ်၊ အခြားဆိုင်‌တွေတော့ ဂတ်စ်သုံးနေကြတာပဲ၊ ဆိုင်မှာတော့ မီး‌သွေးမီးဖိုပဲ တည်ချက်ရောင်းချနေတာပါ။

DW ။ မီးသွေးကို ဘာကြောင့်သုံးဖြစ်တာလဲ။

ဖြေ ။ မီးသွေးက ဆိုင်ရောင်းကတည်းက သုံးနေကြပဲ၊ ထမင်းဆိုင်မှာ မီး‌သွေးသုံးရင်သုံး မသုံးရင် ဂတ်စ်သုံးတာများတယ်။

DW ။ ဂတ်စ်ကိုရော ဘာကြောင့် မသုံးဖြစ်ရတာလဲ။

ဖြေ ။ ဆိုင်နေရာကျဉ်းလို့၊ နောက်တစ်ခုက ဂတ်စ်သုံးရင် ဈေးသက်သာမယ်မထင်လို့ မသုံးဖြစ်တာ။

DW ။ မီး‌သွေးသုံးတာကျတော့ရော ဈေးတွေတက်နေတာနဲ့ဆိုတော့ အဆင်ပြေရဲ့လား။

ဖြေ ။ မီးသွေးသုံးရတာ အဆင်ပြေပါတယ်၊ ထမင်းဆိုင်ရောင်းနေတာ ငါးနှစ်ရှိပြီး၊ မရောင်းခင်ကတည်းက အိမ်မှာ မီးသွေးသုံးနေကျပဲ၊ ဆိုင်မှာကျတော့ ပျမ်းမျှဆိုရင် တစ်ရက်ကို တစ်အိတ်နှုန်းကုန်တယ် တစ်လဆိုရင် အိတ် ၂၆၊ ၂၈ အိတ်အထိ ကုန်တယ်။

DW ။ တစ်လတစ်လ မီးသွေးအိတ်ကုန်နေတာ အတော်များနေတာဆိုတော့ ဆိုင်ရောင်းတာ တွက်ခြေကိုက်ရဲ့လား။

ဖြေ ။ မီး‌သွေးဈေးတက်၊ ကုန်ဈေးနှုန်းတွေ တအားတက်လာတော့ အရင်လို အဆင်မပြေတော့ဘူး၊ ရောင်းအားက သုံးပုံပုံ တစ်ပုံလောက် ကျဆင်းသွားတာ၊ အရင်လို အဆင်မပြေပေမယ့် စားဝတ်နေရေးအတွက် ဆက်လုပ်ရမှာပဲ။

DW ။ မီးသွေးလောင်စာသုံးတာနဲ့ ပတ်သက်ပြီးရော အခြားဘာအခက်အခဲတွေ ရှိမလဲ။

ဖြေ ။ အခက်အခဲကတော့ မြို့မှာ မီးသွေးတစ်အိတ် ၁၂၀၀၀၊ ရွာမှာဆို ၈၀၀၀၊ ၉၀၀၀ ပဲပေးရတယ်၊ ရွာကနေပဲ မှာပြီးဝယ်တယ်၊ မြို့ပေါ်ဈေးနဲ့ဆို ကုန်ကျစရိတ်ပိုများသွားတာ၊ သိပ်မကိုက်ချင်ဘူး၊ တစ်ခါတစ်လေ မီး‌‌သွေးပြတ်သွားတာမျိုးကြုံရတယ်၊ ပစ္စည်းပြတ်သွားရင် အခြားမှာ ပေါက်ဈေးထက်ပိုပေးပြီး လိုက်ရှာဝယ်ရတာ၊ တစ်ခါတစ်လေကျတော့လည်း လုံးဝကိုရှာမတွေ့တာမျိုး ကြုံရတတ်တယ်၊ ဒီတော့ ဆိုင်အတွက် မီး‌‌သွေးမပြတ်အောင် ကြိုပြီး ဝယ်ထားလိုက်တယ်။

DW ။ အခြားဖြည့်စွတ်ပြောချင်တာများ ရှိပါသလား။

ဖြေ ။ မီးသွေးသုံးလွန်းလို့ ဒီရေတောတွေ ဘာတွေ ဆုံးရှုံးမှု‌များတယ်၊ မီးသွေးဖုတ်တာလည်း တရားမဝင်ဘူးလို့ ပြောကြတာပဲ၊ နောက်ဆုံးတော့ မီးသွေးမသုံးလို့မှ မရတာကိုး၊ မသုံးမဖြစ်ကို သုံးနေကြတာ နှစ်ပေါင်းရေလို့မနိုင်တော့ဘူး။

“ရော်ဘာပင်တွေလှဲနေတဲ့ခြံတွေရှိတော့ ထင်းက သူ့ဘာသူ အော်တိုထွက်နေပြီးသားလေ”

သရက်ချောင်းမြို့နယ်မှ မော်ရှည်ကုန်းရပ်ကွက်မှ ဒေသခံအမျိုးသားတစ်ဦး

DW ။ အခုကာလမှာ ဂက်စ်တို့ မီးသွေးတို့ ထင်းတို့အားလုံးဈေးတက်နေတော့လေ အဲ့လို လောင်စာသုံးစွဲမှုနဲ့ပတ်သက်ပြီး ဘာတွေများ အခက်အခဲဖြစ်နေတာရှိလဲ။

ဖြေ ။ အခုချိန်ထိကတော့ အခက်အခဲဆိုပြီးတော့ သိပ်မရှိဘူး။ ဈေးကြီးတာကတော့ ဈေးကြီးတာပေါ့။ ကျွန်တော်တို့နားမှာတော့ ထင်းသုံးနေတဲ့ ဆိုင်တွေရှိတယ်၊ ကျွန်တော်တို့နားမှာ ထင်းကဝယ်လို့လွယ်တာကိုး၊ တချို့ဆိုင်တွေမှာ ထင်းသုံးတယ်၊ တချို့အိမ်တွေမှာ ဂက်စ်သုံးတာရှိသလိုမျိုး သုံးနေတာကတော့ သူနိုင်ရာ နိုင်ရာ သုံးနေကြတယ် မိသားစုတွေက။ တော်တော်များများ စီးပွားရေးအဆင်ပြေတဲ့ မိသားစုတွေကလည်း ဂက်စ်တွေ လျှပ်စစ်မီးတွေနဲ့သုံးကြတယ်ပေါ့နော်။

DW ။ ဦးမှာက ဘာလောင်စာသုံးလဲရှင်။

ဖြေ ။ ကျွန်တော်က တစ်ယောက်တည်းသမားဆိုတော့ လျှပ်စစ်ပဲသုံးများတယ်။

DW ။ လျှပ်စစ်နဲ့သုံးတာကရော ဘယ်လောက်ကျလဲ။

ဖြေ ။ လျှပ်စစ်နဲ့သုံးတာက တခါတလေလည်း ၁၅၀၀၀ လောက်ကျတယ်၊ တခါတလေလည်း ၁၈၀၀၀ လောက်ကျတယ်။ ကျွန်တော်တို့နားမှာ အဲ့လိုလောင်စာတွေနဲ့ ပတ်သက်ပြီး အကြီးအကျယ်အခက်အခဲမရှိဘူး။ အဆင်ပြေသလိုမျိုး သုံးကြတယ်။ ကျွန်တော်တို့နားမှာ ကွမ်းသီးပင်နဲ့ ရော်ဘာပင်ကို အလဲအလှယ်လုပ်နေတဲ့အချိန်ဆိုတော့ ရော်ဘာပင်တွေ လှဲပစ်နေတဲ့ခြံတွေရှိတယ်။ ရော်ဘာပင်တွေလှဲနေတဲ့ခြံတွေရှိတော့ ထင်းက သူ့ဘာသူ အော်တိုမစ်တစ်(အလိုအလျှောက်) ထွက်နေပြီးသားလေ။ အဲလိုဆိုတော့ အကြီးအကျယ် အခက်အခဲမရှိဘူးပေါ့။ နောက်တစ်နှစ် နှစ်နှစ်ဆိုရင်တော့ ပြောမတတ်ဘူး။

“ပိုက်ဆံကတော့ ပိုရှာရတာပေါ့လေ၊ အစစအရာရာ ဈေးကြီးလိုက်လာတယ်ဆိုတော့”

ထားဝယ်မြို့မှ မုန့်ပဲသရေစာရောင်းနေသည့် လူငယ်အမျိုးသမီးတစ်ဦး

DW ။ ညီမတို့အိမ်မှာ လောင်စာကို ဘာသုံးလဲ။

ဖြေ ။ ဂက်စ်ပဲသုံးတယ်၊ လျှပ်စစ်က ထမင်းပေါင်းအိုးတစ်လုံးပဲ။

DW ။ အရင်တည်းက ဂက်စ်ပဲ သုံးတာလား။

ဖြေ ။ ဟုတ် အရင်တည်းက ဂက်စ်နဲ့ပဲ သုံးတယ်။ မီးသွေးက မိုးလင်းပိုင်း ကောက်ညှင်းပေါင်းတည်တဲ့အချိန်ပဲသုံးတယ်။

DW ။ ဂက်စ်ကရော ဈေးက အရင်ကနဲ့စာရင် ဘယ်လောက်တက်လာလဲ။

ဖြေ ။ ဂက်စ်က အရင်တုန်းကနဲ့စာရင် တက်လိုက်ကျလိုက်ပဲ၊ အခုဆိုရင် ၅ ကီလိုပါတစ်အိုးကို ၁၆၀၀၀ ပြန်ဖြစ်နေတယ်၊ အရင်တုန်းက ၁၃၅၀၀ ထိ ပြန်ကျလာပြီးပြီအခုမှ ၁၆၀၀၀ ပြန်ဖြစ်လာတာ။ တစ်လမှာ နှစ်အိုးလောက်ပဲကုန်တယ်။ တည်တာကနည်းတယ်လေ၊ မုန့်ချိုနဲ့ ဟင်းချက်စားတာလောက်ပဲဆိုတော့။

DW ။ မီတာလကရော ဘယ်လောက်ကျလဲ။

ဖြေ ။ မီတာခက ၂၅၀၀၀ ၂၇၀၀၀၊ ၂၈၀၀၀ အဲ့ဝန်းကျင်သွားတယ်၊ မီးသွေးကတော့ တစ်အိတ်ဆို အကြာကြီးသုံးရတယ်၊ ကောက်ညှင်းပေါင်းတစ်အိုးပဲဆိုတော့ တစ်ဖိုထည့်ပြီးရင် ပြီးသွားတယ်။ မီးသွေးက တစ်အိတ်ကို(အမျိုးအစား၊ နေရာနှင့် အလေးချိန်ပေါ်မူတည်၍ စျေးကွာ) ၅၅၀၀ ဖြစ်နေတယ်။

DW ။ လျှပ်စစ်မီတာယူနစ်ဈေးတွေလည်းတက်လာတယ်၊ ဂက်စ်ဈေးတွေတက်လာတယ်၊ အဲ့လိုဖြစ်နေတဲ့အပေါ်မှာ ကိုယ့်အတွက်အခက်အခဲဖြစ်တာမျိုးရှိလား။

ဖြေ ။ မီတာခကတော့ အရင်တုန်းကနဲ့စာရင် နှစ်ဆဖြစ်လာတယ်ဆိုတော့ အရင်တုန်းက တယူနစ်ကို ၂၀၀ ကျော်တုန်းကဆို ၁၂၅၀၀၊ ၁၃၀၀၀ အဲ့ဝန်းကျင်ရှိတယ်။ အခုကတော့နှစ်ဆဖြစ်လာတယ်။ ကျန်တာတွေကတော့ အရင်တုန်းကအတိုင်းပဲ ဈေးကြီးနေတာဆိုတော့ ပြောရလဲ ပင်ပန်းတယ်။ ပိုက်ဆံကတော့ ပိုရှာရတာပေါ့လေ၊ အစစအရာရာ ဈေးကြီးလိုက်လာတယ်ဆိုတော့။ ကုန်ကျစရိတ်တွေများလာတယ်ဆိုတော့ အစစအရာရာချင့်ချိန်ပြီးတော့ သုံးရတယ်ပေါ့နော်။ အလုပ်ကလည်း အဲ့ဒီတစ်ခုတည်းမဟုတ်ဘဲ ဘေးက အခြားအလုပ်တွေပါ ရံပြီးလိုက်လုပ်ရတာပေါ့လေ။ အခုဆို မုန့်ရောင်းနေတယ်ဆိုရင် မုန့်ရောင်းနေတာ တစ်ခုတည်းနဲ့ အဆင်မပြေဘူး။ မုန့်ရောင်းနေတာတစ်ခုတည်းနဲ့က စားဝတ်နေရေးရော သူမုန့်လုပ်တာက သူ့ပစ္စည်းဖိုးတွက် သူ့ဟာနဲ့သူပြန်ဖြည့်ရတာနဲ့ ရနည်းတယ်ပေါ့နော် ပြောရမယ်ဆိုရင်၊  အချိန်တန်ရင် ဂက်စ်အိုးဖိုးဆို ဂက်စ်အိုးဖိုး တစ်နေ့ကို ၁၀၀၀ ဖယ်ဖယ်ပြီးတော့ ထားထားရတယ်။

မီးသွေးကတော့ ကုန်ကျသက်သာမယ်ဆိုထင်တယ်၊ ဒါပေမဲ့ မီးသွေးက အချိန်ကြာတယ်။ ဂက်စ်ကတော့ ကိုယ်အမြန်လိုရင် လိုသလို လိုတိုးပိုလျှော့ အမြန်လိုချိန်ဆို မီးကြမ်းတင်လိုက်လို့ရတယ်။ မီးသွေးကတော့ မီးရှိန်တောက်တုန်းခဏပဲ ကျန်ချိန်ဆို မီးနည်းသွားရင် မီးရှိန်ပြန်တက်လာအောင် မီးသွေးထပ်ထည့်နေရတယ်။ အဲတော့ ဂက်စ်ပဲ သုံးများတယ်။