ကော့သောင်းတွင် တောမီးထပ်လောင်

0
2413

ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက်ရှိ ယင်းဝါရေလှောင်တမံအပေါ်ဘက် တောင်ရိုးတစ်လျှောက်တွင် မတ်လ ၄ ရက် ည ၆နာရီခန့်က တောမီးလောင်ကျွမ်းကြောင်း ကော့သောင်းဒေသခံတို့မှ သိရသည်။

အဆိုပါတောမီးသည် လေးနာရီဆက်တိုက် မီးလောင်ကျွမ်းခဲ့ပြီး ည ၁ဝနာရီဝန်းကျင်တွင် မီးငြိမ်းသွားခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။

‌တောမီးအား ‌ရပ်ကွက်နေသူတို့နှင့် မီးသတ်တပ်ဖွဲ့ဝင်တို့က ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ပြီး ‌မီးစတင်လောင်ကျွမ်းသည့် အကြောင်းအရင်းအား မသိရသေးကြောင်း အေးရိပ်ငြိမ်ရပ်ကွက်နေသူအချို့က ပြောဆိုသည်။

“တောင်ပေါ်ဆိုတော့ မီးငြိမ်းလို့ မလွယ်ဘူး။ ကားတက်လို့ မရဘူး” ဟု အေးရိပ်ငြိမ်ရပ်ကွက်နေသူ တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၇ ရက်နေ့က ၁၁၉၉ တောင်ကုန်းပေါ်တွင် လေးရက်ဆက်တိုက် တောမီးလောင်ကျွမ်း ခဲ့သေးသည်။

၁၁၉၉ တောင်ကုန်းပေါ်အား မီးသတ်ယာဉ်များ တက်ရန်မလွယ်ကူးခြင်း၊ ရေသယ်ယူရန် မလွယ်ကူခြင်းတို့ကြောင့် မီးငြှိမ်းသတ်ရာတွင် အခက်အခဲများစွာကြုံရသဖြင့် လေးရက်ဆက်လောင်ကျွမ်းခဲ့သည်။

အဆိုပါ တောမီးတို့ကြောင့် လူနှင့် အိမ်မွေးတိရစ္ဆာန်တို့ ထိခိုက်မှုမရှိဘဲ ဥယျာဉ်အချို့ဆုံးရှုံးခဲ့ရကြောင်း မြို့ခံတို့မှ သိရသည်။

ကော့သောင်းမြို့ရှိ တောမီးသည် နှစ်စဉ်လောင်ကျွမ်းလေ့ရှိပြီး အများဆုံးခုနှစ်ကြိမ်အထိ လောင်ကျွမ်းခဲ့ဖူးကြောင်း မြို့ခံတချို့က ဆိုသည်။