မြန်မာ့လက်ဝှေ့ ချန်ပီယံဟောင်းရွှေဓူဝံ ကားမှောက်ပြီးကွယ်လွန်

0
3119

မြန်မာ့ရိုးရာလက်ဝှေ့ အလွတ်တန်းချန်ပီယံဟောင်း ရွှေဓူဝံသည် ယနေ့မနက်ပိုင်းက အမြန်လမ်းတွင် ဖြစ်ပွားခဲ့သော ခရီးသည်တင်ယာဉ်တိမ်းမှောက်မှုတွင် ကွယ်လွန်သွားခဲ့ကြောင်း သိရှိရသည်။

ရန်ကုန် – မန္တလေး အမြန်လမ်းတွင် မောင်းနှင်လာခဲ့သော ဒို့ညီနောင် အမြန်ယာဉ်သည် ယနေ့နံနက် ၅ နာရီခွဲခန့်အချိန်တွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး ယာဉ်တိမ်းမှောက်မှုကြောင့် ကွယ်လွန်သွားခဲ့သူများအနက်တွင် မြန်မာ့ရိုးရာလက်ဝှေ့ အလွတ်တန်းချန်ပီယံဟောင်း ရွှေဓူဝံ ပါဝင်သွားခဲ့ခြင်းဖြစ်သည်။

နေပြည်တော်မှ ရန်ကုန်ဘက်ဆီသို့လာသည့် ရွှေဓူဝံစီးလာသော ခရီးသည်တင်ယာဉ်မှာ အမြန်လမ်း ၁၆၇ မိုင်တွင် တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်တွင် အမျိုးသားသုံးဦး သေဆုံးသွားခဲ့ပြီး သေဆုံးသူများအနက်တွင် မြန်မာ့ရိုးရာလက်ဝှေ့ အလွတ်တန်းချန်ပီယံဟောင်း ရွှေဓူဝံ ပါဝင်သွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်တွင် ဒဏ်ရာရရှိသူ ၂၅ ဦးရှိခဲ့ပြီး ဒဏ်ရာရရှိသူများမှာ အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ၁၀ ဦးဖြစ်သည်ဟု သိရှိရသည်။

လက်ရှိအချိန်တွင် ထိခိုက်ဒဏ်ရာရရှိသူများကို လူမှုကူညီရေးအသင်းယာဉ်များဖြင့် ဆွာတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသပေးလျက်ရှိကြောင်း သတင်းကြားသိရသည်။