လောင်းလုံး အောက်ကျောက်ဝပ်ရွာတွင် တိုက်ပွဲကြောင့် ဒေသခံများတိမ်းရှောင်နေရ

0
2728

လောင်းလုံးမြို့နယ် အောက်ကျောက်ဝပ်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားသဖြင့် ဒေသခံများတိမ်းရှောင်နေရကြောင်း ဒေသခံအချို့က ပြောသည်။

မတ်လ ၂ ရက် မွန်းလွဲ ၂ နာရီခန့်တွင် အောက်ကျောက်ဝပ်ကျေးရွာအဝင်ဝ သင်္ချိုင်းအနီးတွင် တိုက်ပွဲဖြစ်ပွားခြင်း ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

“သေနတ်သံတွေကြားတာနဲ့ ရွာထဲမနေ‌ရဲတော့လို့ ဘုန်းကြီးကျောင်းထဲသွားနေတဲ့သူနဲ့ တောထဲပြေးတဲ့သူပြေးနဲ့ ဖြစ်နေကြတယ်” ဟု တိမ်းရှောင်နေရသည့် ဒေသခံတစ်ဦးက ပြောဆိုသည်။

လွန်ခဲ့သည့် နှစ်ရက်ခန့်က ကျောက်နီမော်ကျေးရွာသို့ ရေလမ်းဖြင့်ရောက်လာသည့် စစ်ကောင်စီတပ်၊ ‌ကျောက်နီမော်ရွာခံ ပျူစောထီးအဖွဲ့တို့ ပူးပေါင်းအဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုများရှိကြောင်း ဒေသခံအချို့က ပြောဆိုသော်လည်း တိတိကျကျမသိရသေးပေ။

“(မတ် ၃) ဒီမနက် ကြားရတာကတော့ (စစ်ကောင်စီဘက်က) သေတဲ့သူတွေရဲ့ အလောင်းတွေ လာသယ်သွားပြီလို့ ကြားရလို့ စိတ်ထဲနည်းနည်းတော့ အေးနေတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ယနေ့ မတ် ၃ ရက် နံနက်ပိုင်းအထိမူ ရွာအနီးတွင် ပစ်ခတ်သံများ၊ တိုက်ပွဲသတင်းများ မကြားရတော့သော်လည်း ဒေသခံများမှာ နေအိမ်သို့ မပြန်ရဲကြသေးကြောင်း ပြောဆိုသည်။

နေအိမ်သို့ ခဏတစ်ဖြုတ်ပြန်ပြီး စားနပ်ရိက္ခာများယူကာ ဘုန်းတော်ကြီးကျောင်းနှင့် တောတောင်များထဲ ချက်ပြုတ် စားသောက်နေထိုင်နေကြဆဲဖြစ်ကြောင်း ဒေသခံတစ်ဦးက ယနေ့ နံနက် ၁၁ နာရီကျော်က ပြောသည်။

အောက်ကျောက်ဝပ်ရွာသည် ပျူစောထီးအားကောင်းသည့် ကျောက်နီမော်ရွာနှင့် ၄ မိုင်ခန့်သာ ကွာဝေးသည်။

အောက်ကျောက်ဝပ်ရွာမှ နောက်ထပ်ကျေးရွာနှစ်ရွာကို ဖြတ်ကျော်ပြီးပါက ရှင်ကိုးရှင်စာရင်းဝင် ရှင်‌မော်စေတီသို့ ရောက်ရှိသည်။