သီဟိုစေ့အခွံခြစ်ခ ဈေးပိုရသော်လည်း တွက်ခြေမကိုက်ဟုဆို

0
2697

ထားဝယ်တွင် ယခုနှစ် သီဟိုစေ့အခွံခြစ်ခ ယခင်နှစ်ထက်ဈေးပိုရသော်လည်း ကုန်ဈေးနှုန်းဈေးကြီးမြင့်သဖြင့် တွက်ခြေမကိုက်ကြောင်း ထားဝယ်မြို့ရှိ သီဟိုစေ့ အခွံခြစ်သည့် အလုပ်သမားအချို့ထံမှ သိရသည်။

ထားဝယ်တွင် ယခင်နှစ်က သီဟိုစေ့အခွံခြစ်ခ တစ်ကီလိုလျှင် ၄၅၀ ကျပ်မှ ၅၀၀ ကျပ်အထိရရှိပြီး ယခုနှစ် သီဟိုရာသီတွင် တစ်ကီလိုလျှင် ၆၀၀ ကျပ်မှ ၆၅၀ ကျပ်အထိ ရရှိကြောင်း ၎င်းတို့က ပြောသည်။

လုပ်ငန်းရှင်များဘက်က ဈေးတိုးပေးထားသော်လည်း ကုန်ဈေးနှုန်းများကြီးမြင့်လာသည့်အတွက် တွက်ခြေ မကိုက်ဘဲဖြစ်နေကြောင်း ထားဝယ်မြို့မှ သီဟိုစေ့ အခွံခြစ်အလုပ်သမားတစ်ဦးက ဆိုသည်။

“တစ်ကီလို တစ်ထောင်ပေးမှ ကိုက်မယ်။ ဆန်ဈေး၊ ဆီဈေး မီးဖိုချောင် အသုံးစရိတ် အစစအရာရာတက်တယ်။ မနှစ်က ပိုက်ဆံနှစ်သောင်းလောက်ဆို ဆန်တစ်အိတ်ရတယ်။ အခုက လေးသောင်းလောက်မှ ဆန်တစ်အိတ်ရတယ်” ဟု ၎င်းက ပြောဆိုသည်။

ထားဝယ်တွင် ယခုနှစ်သီဟိုရာသီမှာ ဖေဖော်ဝါရီလ ပထမပတ်ကစပြီး လုပ်ကိုင်နေကြခြင်းဖြစ်သည်။

ထားဝယ်ဒေသထွက် သီဟိုစေ့ကို လုပ်ငန်းရှင်အများစုက ယခင်ကထက် ဈေးပိုပေး၍ဝယ်ယူနေရပြီး ယခုနှစ် ထားဝယ်ဈေးကွက်သို့ သီဟိုစေ့အဝင်နည်းလျှက်ရှိသည်ဟု သီဟိုစေ့လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“အခြေအနေက ဘာမှန်းမသိသေးဘူး။ ဒီနှစ်ကပစ္စည်းအထွက်များပေမယ့် ဈေးကွက်ထဲ မနှစ်ကထက် အဝင်နည်း တယ်။ ကျွန်တော်ကတော့ အခွံချွတ်ခအနေနဲ့ တစ်ကီလို ၆၀၀ ကျပ်နဲ့ စပြီးပေးထားတယ်” ဟု ၎င်းက ဆိုသည်။

တနင်္သာရီတိုင်း၌ သီဟိုအများဆုံးထွက်ရှိသော ပုလော၊ တနင်္သာရီမြို့နယ်တို့တွင် စစ်အုပ်ချုပ်ရေးကြေညာထားသလို သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်တွင်လည်း စစ်ရေးပြင်းထန်သဖြင့် ဒေသခံတောင်သူအများစုမှာ ဥယျာဉ်ခြံလုပ်ငန်း မလုပ်ကိုင်နိုင်ကြသေးပေ။

ထားဝယ်မြို့နှင့်အနီးတစ်ဝိုက်တွင် သီဟို့စေ့လုပ်ငန်းလုပ်သည့်စက်ရုံ သုံးဆယ်ရုံထက်မနည်းရှိသည်။

ယခုနှစ်ရာသီအစတွင် သီဟိုစေ့ အခွံခြစ်ခမှာ ၅၀၀ ကျပ်မှ ၇၀ဝကျပ်အထိရှိပြီး လုပ်သားများကိုပေးသည့် နှုန်းထားမှာလည်း စက်ရုံ တစ်ရုံနှင်တစ်ရုံ ဈေးမတူကြပေ။

ဒေသခံလုပ်သားအများစုမှာ ကျပ်တစ်ထောင်နှင့် အထက်ရရှိရန် မျှော်မှန်းနေကြသည်။

ထားဝယ်ဒေသ သီဟိုစက်ရုံများမှထွက်သည့် အခွံခြစ် ပေါင်းခံပြီးသား သီဟိုစေ့ကို ဒေသတွင်းစားသုံးသည့်အပြင် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ ထိုင်းနိုင်ငံဈေးကွက်များသို့လည်း အများဆုံးတင်ပို့ရောင်းချကြသည်။