KNU နှင့် ကော်သူးလေတို့ ညှိနှိုင်းအဖြေရှာရန် တနင်္သာရီတိုင်းရှိ နိုင်ငံရေးဦးဆောင်အဖွဲ့များတောင်းဆို

0
2670

စစ်ရေးတင်းမာနေသည့် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၄ နှင့် ကော်သူးလေတပ်မတော် KTLA တို့ ငြိမ်းချမ်းစွာညှိနှိုင်းဆွေးနွေးကြရန် တနင်္သာရီတိုင်းအတွင်းရှိ နိုင်ငံရေးဦးဆောင်အဖွဲ့များက တောင်းဆိုလိုက်သည်။

တိုင်းအတွင်းရှိ မြို့နယ်နိုင်ငံရေးဦးဆောင်အဖွဲ့ ၁၀ ဖွဲ့က မတ်လ ၂ ရက်နေ့တွင် စုပေါင်းသဘောထားထုတ်ပြန်ပြီး တောင်းဆိုခြင်းဖြစ်သည်။

လက်ရှိတွင် KNU နှင့် ကော်သူးလေတပ်မတော်တို့အကြား ပဋိပက္ခများနှင့် ပတ်သက်ပြီး တိုင်းအတွင်းနေ ကရင်ပြည်သူများအပါအဝင် စစ်အာဏာရှင်စနစ်ကို မလိုလားသည့် ပြည်သူတစ်ရပ်လုံးကလည်း စိုးရိမ်ပူပန် နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါလက်နက်ကိုင်နှစ်ဖွဲ့၏ ပဋိပက္ခမှာ ကရင်လူမျိုးအချင်းချင်းကြားသာ ဖြစ်နေသည့် ပြဿနာမဟုတ်ဘဲ စစ်အာဏာရှင်တော်လှန်ရေးနှင့် ဒေသအတွက်ပါ စိန်ခေါ်မှုတစ်ရပ်ဖြစ်သည့်အတွက် ညှိနှိုင်းအဖြေရှာကြရန် တောင်းဆိုခြင်းဖြစ်ကြောင်း နိုင်ငံရေးဦးဆောင်အဖွဲ့များ၏ သတင်းပြန်ကြားရေးတာဝန်ရှိသူ ကိုဟိဏ်းထက်က ဆိုသည်။

“စစ်ရေးအရ ဖြေရှင်းဆောင်ရွက်တာမျိုး မဟုတ်ဘဲနဲ့ တွေ့ဆုံညှိနှိုင်းအဖြေရှာပြီးတော့ ဘုံရန်သူဖြစ်တဲ့ စစ်ကောင်စီကို အတူတကွ ပူးပေါင်းတိုက်ခိုက်ဖို့အတွက်ကို ကျွန်တော်တို့ တိုက်တွန်းတယ်ပေါ့” ဟု ၎င်းက ပြောသည်။

နိုင်ငံရေးဦးဆောင်အဖွဲ့များကို တိုင်းအတွင်း လွှတ်တော်ကိုယ်စားလှယ်များ၊ စစ်အာဏာရှင်စနစ်ကို တော်လှန်နေ သည့် နိုင်ငံရေးပါတီများ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်များ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ CDM များ၊ သပိတ်အစုအဖွဲ့များစသည့် အစုအဖွဲ့များဖြင့် ဖွဲ့စည်းထားသည်။

KNU တပ်မဟာ ၄ နှင့် ကော်သူးလေတပ်မတော်တို့မှာ ပြီးခဲ့သည့်နှစ်ကတည်းကပင် မကျေလည်မှုများရှိနေခဲ့ပြီး ထုတ်ပြန်ချက်များ အပြန်အလှန်ထုတ်ပြန်ခဲ့ကြသည်။

ယင်းနောက် ယခုနှစ်အစောပိုင်းတွင် နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုများဖြစ်လာပြီး ထိခိုက်သေဆုံးမှုများရှိလာခဲ့သည်။

ပြီးခဲ့သည့်ဖေဖော်ဝါရီလအတွင်း ပစ်ခတ်တိုက်ခိုက်မှုနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ရဲဘော် သုံးဦးကျဆုံးခဲ့ကြောင်း ကော်သူးလေတပ်မတော်က ထုတ်ပြန်ထားသည်။

ထိုအခင်းအကျင်းကို နှစ်ဖက်ခေါင်းဆောင်များတွေ့ဆုံပြီး အမြန်ဆုံးဆွေးနွေးကြရန် တိုင်းအတွင်းနေ ကရင်ပြည်သူများနှင့် ပြည်ပရှိ ကရင်အဖွဲ့အစည်းများက အကြိမ်ကြိမ်တောင်းဆို ထုတ်ပြန်ထားကြသည်။

ယင်းသို့တောင်းဆိုထားကြသော်လည်း ကရင်လက်နက်ကိုင်နှစ်ဖွဲ့မှာ စစ်ရေးတင်းမာနေဆဲဖြစ်ပြီး တွေ့ဆုံဆွေးနွေးရန် စိန်ခေါ်မှုများရှိနေဆဲဟု ရှုမြင်ကြောင်း ကိုဟိဏ်းထက်က ဆိုသည်။

“လက်ရှိဖြစ်နေတဲ့ ပြဿနာကို ပြေလည်နိုင်မယ့် တစ်ခုတည်းသောနည်းလမ်းသည် ညှိနှိုင်းဆွေးနွေးအဖြေရှာခြင်းသာ ဖြစ်တယ်။ ပဋိပက္ခတွေကို စစ်ရေးနည်းလမ်းနဲ့ပဲ ဖြေရှင်းမယ်ဆိုရင် ပဋိပက္ခတွေပြေလည်ဖို့ဆိုတာက မဖြစ်နိုင်ဘူးပေါ့နော်” ဟု ၎င်းက ပြောသည်။

KNU အနေဖြင့် ၎င်းတို့ထိန်းချုပ်နယ်မြေအတွင်းသို့ရောက်လာသည့် တော်လှန်ရေးအင်အားစုများကို ကာကွယ်စောင့်ရှောက်ပြီး နည်းအမျိုးမျိုးဖြင့် အထောက်အကူပေးခဲ့သည့်အပေါ် အသိအမှတ်ပြုကြောင်း နိုင်ငံရေးဦးဆောင်အဖွဲ့များ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတူ ကော်သူးလေတပ်မတော် KTLA ကလည်း စစ်အာဏာရှင်စနစ်တော်လှန်ရာတွင် ဒေသအတွင်းရှိ တော်လှန်ရေးအဖွဲ့များနှင့် လက်တွဲပြီးတိုက်ပွဲဝင်နေသည့်အပေါ်လည်း အသိအမှတ်ပြုကြောင်း ရေးသားထားသည်။