အွန်လိုင်းကျောင်း FOEIM ပိတ်သိမ်း

0
2705

မြေပြင်အခြေအနေတွင် ကျောင်းမတက်နိုင်သူများကို အွန်လိုင်းစနစ်ဖြင့် ပညာသင်ကြားပေးနေသည့် FOEIM (Free Online Educational Institution Myanmar) ကျောင်းကို မတ်လ ၁ ရက်မှစပြီး ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း ယင်းကျောင်းက ကြေညာသည်။

ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ၏ လုံခြုံရေးကြောင့် ပိတ်သိမ်းရခြင်းဖြစ်ကြောင်း FOEIM ၏ Facebook လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် မတ်လ ၁ရက်တွင် ကြေညာထားခြင်းဖြစ်သည်။

FOEIM အွန်လိုင်းကျောင်းသည် အာဏာသိမ်းပြီးနောက်ပိုင်း အစောဆုံးပေါ်လာသော အွန်လိုင်းကျောင်းများအနက် တစ်ခုဖြစ်ပြီး CDM ကျောင်းသားမိဘများအကြား နာမည်ကြီးခဲ့သည်။

၂၀၂၂ ခုနှစ်တွင် ကျောင်းတည်ထောင်သူ၏ ငွေကြေးအလွဲသုံးစာမှုပြဿနာပေါ်ပေါက်လာခဲ့ပြီး တည်ထောင်သူနှင့် ရုံးအဖွဲ့တို့အကြား အချေအတင် အငြင်းပွားမှုဖြစ်ပွားခဲ့သည်။

ကျောင်းသားများထံ ကောက်ခံထားသည့် ကျပ်ငွေသိန်းထောင်ပေါင်းများစွာ ငွေကြေးအလွဲသုံးစားမှုပြဿနာတွင် ပါဝင်ပတ်သတ်သူများကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စစ်ဆေးနေချိန် ‌FOEIM ကျောင်းသားများ၏ အချက်အလက်များ အွန်လိုင်းပေါ်သို့ ပေါက်ကြားလာခဲ့သည်။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်တွင် အချက်အလက်များ စတင်ပေါက်ကြားလာခြင်းဖြစ်သည်။

ကနဦးတွင် ကျောင်းသာ ၃၀၀ ကျော်၏ အချက်အလက်များ ပေါက်ကြားပြီးနောက် နောက်ထပ် အခြားကျောင်းသားများ၏ အချက်အလက်များ ထပ်မံပေါက်ကြားလာခဲ့ပြန်သည်။

ပေါက်ကြားလာသည့် အချက်အလက်များအထဲတွင် ကျောင်းသား၊ ကျောင်းသူများ၏ အမည်၊ ဖခင်အမည်၊ ဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာ စသည့်တို့ပါဝင်နေသဖြင့် ကျောင်းသားမိဘများ၊ သင်ကြားရေးဆရာများ၏ လုံခြုံရေးအပေါ် စိုးရိမ်မှု မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

ထိုသို့လုံခြုံရေးကျိုးပေါက်ပြီး ကျောင်းသား၊ ကျောင်းသူများ၏ အချက်အလက်များ ပေါက်ကြားအပြီး ၈ ရက်အကြာတွင် FOEIM အွန်လိုင်းကျောင်းအား ပိတ်သိမ်းကြောင်း ထုတ်ပြတ်ချက်ထွက်ပေါ်လာခဲ့သည်။

FOEIM တွင် သူငယ်တန်းမှ တက္ကသိုလ်ဝင်တန်းအထိ မြန်မာတစ်နိုင်ငံလုံးက ကျောင်းသာ၊ ကျောင်းသူ သောင်းဂဏန်းအထိ တက်ရောက်လျှက်ရှိရာ တနင်္သာရီတိုင်းက ကျောင်းသားများလည်း တက်ရောက်လျှက်ရှိကြောင်း ကျောင်းသားမိဘအချို့ထံမှ သိရသည်။

“အချက်အလက်တွေ ပေါက်ကြားတာကို တာဝန်ယူမှုမရှိဘဲ ပိတ်လိုက်ပါတယ်ဆိုတာနဲ့ ပြီးသွားတာလား မသိဘူး” တနင်္သာရီတိုင်းက ကျောင်းသားမိဘတစ်ဦးက ဝေဖန်သည်။

FOEIM တွင် ကျောင်းအပ်ခအနေဖြင့် ‌ကျောင်းသားတစ်ဦးလျှင် တစ်နှစ်စာအတွက် ယင်းအချိန်က မြန်မာကျပ်ငွေ တစ်သိန်းနီးပါနှင့် ညီမျှသည့် ထိုင်းဘတ် ၁၀၀၀ ပေးသွင်းခဲ့ရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကျောင်းအပ်ခက (ထိုင်း) ဘတ်နဲ့ ပေးရတယ်။ လုံခြုံရေးအခြေအနေအရ ပြည်တွင်းက ဘဏ်စနစ်က စိတ်မချရဘူးဆိုပြီး ဘတ်နဲ့ပေးခိုင်းတာ” ဟု ၎င်းက ပြောဆိုသည်။

FOEIM စတင်တည်ထောင်စဉ်က ငွေကြေးကောက်ခံခြင်းမရှိဘဲ အခမဲ့ကျောင်းအဖြစ် စတင်ခဲ့သော်လည်း ၂၀၂၂ ခုနှစ်တွင်မူ ‌ငွေကြေးစတင်ကောက်ခံလာခဲ့သည်။

ယင်းနောက် ကျောင်းသား၊ ကျောင်းသူဦးရေ သောင်းချီအတွက် ပေးသွင်းထားသည့်ငွေကြေးများကို ကျောင်းတည်ထောင်သူက အလွဲသုံးစားပြုလုပ်ခဲ့ကြောင်း သတင်းများထွက်ပေါ်လာခဲ့သည်။

ထိုသို့ငွေကြေး အလွဲသုံးစားမှုပြဿနာကြောင့် ကျောင်းတည်ထောင်သူ ကိုခန့်သူနှင့် ရုံးအဖွဲ့တို့အကြား ပြဿနာဖြစ်ပွားလာခြင်း၊ သဘေားထားကွဲလွဲမှုရှိလာခြင်းတို့ကြောင်း FOEIM ကျောင်းမှာ နှစ်ခြမ်းကွဲသွားခဲ့သည်။

pathfinder institute Myanmar အမည်ဖြစ် အွန်လိုင်းကျောင်းခွဲအသစ်တစ်ခုကို FOEIM ၏ ရုံးအဖွဲ့ဝင်ဟောင်းများ၊ သင်ကြားရေး၊ ဆရာ၊ ဆရာမအချို့က ကျောင်းခွဲတည်ထောင်လိုက်ကြသည်။

“အဲဒီကျောင်း စထောင်တော့ မိဘတွေရဲ့သဘောထားကို‌ မေးသေးတယ်။ ဘယ်ကျောင်းမှာ ထားမလဲဆိုပြီးတော့ မေးတယ်။ သူတို့ကျောင်းမှာထားလည်း ရတယ်။ အရင်ကျောင်း (FOEIM) မှာ ထားလည်းရတယ်ဆိုပြီးပြောတယ်။ ပြောင်းတဲ့သူလည်း ပြောင်းကြတယ်။ တချို့ကလည်း မပြောင်းတော့ဘဲနဲ့ အပြီးထွက်သွားကြတာတွေလည်းရှိတယ်” ဟု ကျောင်းသားမိဘတစ်ဦးက ပြောသည်။

FOEIM မှာ ပညာသင်ကာလ ၂ နှစ်ခန့်အကြာတွင် ပိတ်သိမ်းသွားပြီဖြစ်သော်လည်း ၎င်းကျောင်းမှ ခွဲထွက်လာသည့် pathfinder institute Myanmar ကျောင်းမှာ ဆက်လက်လည်ပတ်လျှက်ရှိကြောင်း ကျောင်းသားမိဘအချို့က ဆိုသည်။

“ကျောင်းမပြောင်းဘဲနဲ့ (FOEIM) မှာ ကျန်ခဲ့တဲ့သူတွေက‌တော့ ကျောင်းဆုံးအောင် မတက်လိုက်ရတော့ဘူးပေါ့။ ပိုက်ဆံကတော့ တစ်နှစ်စာဆိုပြီး သွင်းထားပြီးပြီ။ ပိုက်ဆံထက် ကလေးတွေရဲ့ ပညာရေးကိုပဲ ပိုပြီးစိတ်ပူတယ်” ဟု ကျောင်းသားမိဘတစ်ဦးက ပြောသည်။

FOEIM ကမူ အဆင်မပြေမှုများဖြစ်ပေါ်ခဲ့သည့်အပေါ် အနူးအညွတ်တောင်းပန်ပါသည်ဟုသာ ‌ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး ကျောင်းသား၊ ကျောင်းသူများအတွက် မည်ကဲ့သို့ တာဝန်ယူဆောင်ရွက်ပေးမည်ကို ပြောဆိုထားခြင်း မရှိပေ။