ထိုင်းမြန်မာနယ်စပ်မျဉ်းပေါ်က မြန်မာဈေးဆိုင်များ အဖမ်းခံရ

0
2507

မြဝတီနှင့် မဲဆောက်ကြား ထိုင်း-မြန်မာနှစ်နိုင်ငံ နယ်စပ်မျဉ်းပေါ်တွင် ဈေးရောင်းနေသည့် မြန်မာဈေးသည်များ၏ ကုန်ပစ္စည်းများကို ဖေဖော်ဝါရီလ ၂၈ ရက်တွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း ထိုင်းသတင်းအချို့တွင် ဖော်ပြသည်။

အဆိုပါဒေသရှိ ရေလယ်ကျွန်းနယ်စပ်မျဉ်းပေါ်တွင် တရားမဝင် အရက်၊ စီးကရက်နှင့် အခြားပစ္စည်းများ ရောင်းချ နေသည်ဟု ထိုင်းဒေသခံများ၏ တိုင်တန်းချက်အရ ထိုင်းရဲတပ်ဖွဲ့အပါအဝင် အာဏာပိုင်များက သွားရောက် ဖမ်းဆီးခြင်းဖြစ်ကြောင်း ထိုင်းသတင်းများက ဆိုသည်။

ထိုသို့သွားရောက်ဖမ်းဆီးရာတွင် တရားမဝင် ဆေးလိပ်နှင့် မြန်မာနိုင်ငံထုတ်အရက်ပုလင်းများအပါအဝင် အခြားပစ္စည်းများကို ဖမ်းမိခဲ့သည်ဟုလည်း ဖော်ပြသည်။

မြန်မာနိုင်ငံ မြဝတီမြို့နှင့် ကပ်နေသည့် မဲဆောက်မြို့တွင် မြန်မာနိုင်ငံသား အများအပြားရှိပြီး မြန်မာနိုင်ငံထုတ် ပစ္စည်းမျိုးစုံကို ရောင်းချနေကြသည်။

အထက်ပါဖမ်းဆီးမှုတွင် တရားမဝင်ရောင်းချနေသည့် ပစ္စည်းများကိုသာ သိမ်းဆည်းခဲ့ပြီး ရောင်းချသူများက နယ်စပ်မျဉ်းပေါ်တွင် ရှိနေသည့်အတွက် ဖမ်းဆီးခဲ့ခြင်းမရှိကြောင်း ထိုင်းသတင်းအချို့တွင် ဖော်ပြသည်။