တနင်္သာရီမြို့တွင် ညအချိန် နေအိမ်များကိုဝင်ရောက်ဖမ်းဆီး၊ အရပ်သား ၁၀ကျော်အဖမ်းခံရ

0
2473

မြိတ်ခရိုင်၊ တနင်္သာရီမြို့တွင် ညအချိန် နေအိမ်များကို ဝင်ရောက်ဖမ်းဆီးသဖြင့် အရပ်သားဆယ်ဦးကျော် ဖမ်းဆီးခံရကြောင်း ဒေသခံများထံမှ သိရသည်။

ဖေဖော်ဝါရီလ ၂၆ရက် ည ၉ နာရီဝန်းကျင်တွင် တနင်္သာရီမြို့ ချောင်းကြီးရပ်ကွက်၊ ချောင်းငယ်ရပ်ကွက်နှင့် လယ်တောင်ယာကျေးရွာတို့တွင် နေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင် ရဲတပ်ဖွဲ့ဝင်များ ဝင်ရောက်ဖမ်းဆီးခြင်း ဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

ယင်းသို့ ဝင်ရောက်ရှာဖွေဖမ်းဆီးစဉ် ဖုန်းများကိုလည်း ဖွင့်စစ်ဆေးခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။

“ဘာကိစ္စနဲ့ ဖမ်းတာလဲတော့ မသိဘူး။ အခုရဲစခန်းမှာ စစ်နေတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

အဖမ်းခံရသူများတွင် လူငယ်များသာမက အသက်ကြီးပိုင်းများလည်း ပါဝင်နေပြီး ယနေ့ညနေပိုင်းအထိ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း ဒေသခံအမျိုးသားနောက်တစ်ဦးက ပြောသည်။

တနင်္သာရီမြို့နယ်၊ ဆင်ခြေဖုံးကျေးရွာအုပ်စု စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးရန်အောင်စိုးသည် တနင်္သာရီမြို့တွင် ညအိပ်ပြီး ရွာသို့အပြန် ဖေဖော်ဝါရီလ ၂၅ ရက် နံနက် ၆နာရီဝန်းကျင် လယ်တောင်ယာရွာအနီး ပစ်သတ်ခံခဲ့ရသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ယခုလိုဖမ်းဆီးခံရခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုနေကြသည်။

တနင်္သာရီတိုင်းအတွင်း တနင်္သာရီနှင့် ပုလောမြို့နယ်တို့အား ဖေဖော်ဝါရီ ၂ ရက်နေ့တွင် စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာထားသည်။