ပုလောတွင် ကျေးရွာများသို့ စက်သုံးဆီ ဝယ်ယူသယ်ဆောင်ခွင့် ပိတ်ပင်ခံရ

0
2627

မြိတ်ခရိုင်၊ ပုလောမြို့နယ်ရှိ ကျေးရွာများသို့ စက်သုံးဆီ သယ်ယူရောင်းချခွင့် မရတော့ကြောင်း ဒေသခံများထံမှ သိရသည်။

ပုလောမြို့နယ်အား စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် စက်သုံးဆီ သယ်ယူရောင်းချခွင့်ကို ကန့်သတ် ပိတ်ပင်လာခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် တစ်ပတ်ခန့်မှစတင်ကာ ပိတ်ပင်မှုများ ပြုလုပ်လာခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

ယခင်က ပုလောမြို့ပေါ်ရှိ ဆီဆိုင်များတွင် ဆီပုံးများဖြင့် သွားရောက်ဝယ်ယူကာ ကျေးရွာများသို့ ပုန်းရှိုးကွယ်ဝှက်ကာ သယ်ယူရောင်းချကြကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိတွင် ကား၊ ဆိုင်ကယ် ဆီဖြည့်ခြင်းမဟုတ်ဘဲ ဆီပုံးဖြင့် လာရောက်ဝယ်ယူသူများအား ရောင်းချခြင်း မပြုလုပ်ရန် စစ်ကောင်စီဘက်က ပုလောမြို့ပေါ်က ဆီဆိုင်များကို ကန့်သတ်လာခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

“ဓါတ်ဆီ၊ ဒီဇယ် ရွာကိုသယ်ခွင့် မပေးတော့ဘူး။ ပုလောမြို့ကိုသွားပြီး ကားဆိုလည်းကား၊ ဆိုင်ကယ်ဆိုလည်း ဆိုင်ကယ်မှာ (ဆီ) သွားထည့်တာလောက်ပဲ ရတော့တယ်” ဟု ကဒဲရွာဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ကား၊ ဆိုင်ကယ်များတွင် ဆီဖြည့်ရုံမဟုတ်ဘဲ ပုံးများဖြင့် ဝယ်ယူသူများကို ရောင်းချလျှင် အရေးယူမည်ဟု ဖိအားပေးလာသဖြင့် မရောင်းချတော့ခြင်းဖြစ်သည်ဟု ဆီဆိုင်များဘက်က ပြောဆိုကြကြောင်း ဒေသခံတို့က ပြန်လည်ပြောဆိုကြသည်။

“စစ်တပ်က လာပြောထားလို့ဆိုပြီး ဆီဆိုင်တွေက မရောင်းရဲကြတာ။ ဒီဆီဘယ်ကဝယ်လာသလည်း မေးရင်ဆိုင်ရှင်ပါ ထိမှာကိုး။ အဲဒီလို မရောင်းပေးတာ တစ်ပတ်လောက်ရှိပြီ” ဟု မင်းထိန်ရွာ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ပုလောမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်အချို့ကို ဆက်သွယ်ရန်ကြိုးစားခဲ့သော်လည်း
ဆက်သွယ်၍ မရသေးပေ။

ယခင်ကလည်း ပုလောမြို့နယ် အရှေ့ဖျားကျေးရွာများဖြစ်ကြသည့် နန်းတောင်၊ ဂျင့်ဂါ၊ ကျောင်းနိမ့်၊ မှော်မိ၊ ဆားခဲ၊ ဒူးရင်းပင်ရှောင်၊ ပုလောကုန်းနှင့် ရှမ်းဒွတ်စသည့် ကျေးရွာများဖက်သို ၂၀၂၂ ခုနှစ် နှစ်ဦးကတည်းက ဆန်၊ ဆီ၊ ဆေးဝါး၊ စက်သုံးဆီသယ်ယူခွင့်ကို စစ်ကောင်စီက ပိတ်ပင်ကန့်သတ်ထားသည်။

ယင်းကျေးရွာအုပ်စုများသည် KNU တပ်မဟာ (၄) ထိန်းချုပ်နယ်မြေအတွင်းရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်များ စစ်ရေးလှုပ်ရှားနေသည့်အတွက် စစ်ကောင်စီတပ်ဘက် ကန့်သန့်ခဲ့ခြင်းဖြစ်သည်။

“အရင်က ပုလောအရှေ့ဖျားဖက်ကိုပဲ ကန့်သန့်တာတွေ လုပ်တယ်။ အခုကကျွန်တော်တို့ ရွာတွေဖက် ရောက်လာပြီ။ နောက်ဆို လူတောင်နေလို့ရတော့မှာ မဟုတ်ဘူး” ဟု မင်းထိန်ရွာဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ယခင်က ပုလောအရှေ့ဖျားကျေးရွာများဖက်တွင် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ မကြာခဏတိုက်ပွဲဖြစ်လေ့ရှိပြီး လက်ရှိအချိန်တွင် ပုလောမြို့တောင်ဖက်ကျသည့် ကဒဲ၊ သင်္ကန်းတော၊ တို၊ မြဒေါင်၊ တန်းရှင်း၊ ရှပ်ပုံ စသည့်ကျေးရွာများတွင် ဖြစ်ပွားနေသည်။