သရက်ချောင်းမြို့နယ် သိမ်ကုန်းရေတံခွန်အနီးတိုက်ပွဲဖြစ်

0
2706

သရက်ချောင်းမြို့နယ် သိမ်ကုန်းကျေးရွာ သိမ်ကုန်းရေတံခွန်အနီးတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ ဖေဖော်ဝါရီလ ၂၆ရက် ညနေ ၄နာရီခွဲခန့်က တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံအချို့က ပြောသည်။

သိမ်ကုန်းရေတံခွန်အနီး ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကြားသိရကြောင်း ဒေသခံအချို့က ဆိုသည်။

လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှစ်ဖက်အပြန်အလှန်တိုက်ပွဲဖြစ်ပွားမှု တစ်နာရီခန့်ကြာမြင့်ခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

“နှစ်ဖက်ထိခိုက်မှု အခြေအနေတော့ မသိဘူး။ မကြားရသေးဘူး” ဟု အထက်ပါအမျိုးသားက ပြောသည်။

ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက မြေပြင်သတင်းပေးပို့ချက် မရောက်သေးသဖြင့် တိုက်ပွဲတွင် နှစ်ဖက်ထိ‌ခိုက်မှု ရှိမရှိအခြေအနေကို မသိရသေးကြောင်း ယနေ့ နံနက် ၁၁ နာရီဝန်းကျင် ပြောဆိုသည်။

သိမ်ကုန်းကျေးရွာ ရေတံခွန်အနီးတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ လှုပ်ရှားသွားလာလေ့ရှိသည်ဟုဆိုကာ ဝင်းဝနယ်မြေရဲစခန်းက စစ်ကောင်စီတပ်ဖွဲ့များ မကြာခဏ ကင်းပုန်းဝပ်လေ့ရှိကြောင်း ဒေသခံအချို့က ပြောသည်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်ကလည်း သိမ်ကုန်းရေတံခွန်လမ်းဝတွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ဖူးသည်။