ခမောက်ငယ်ရွာ ရာအိမ်မှူးလင်မယားကို ကော့သောင်း PDF က ရှင်းလင်းဟုဆို

0
2722

ကော့သောင်းခရိုင်၊ ခမောက်ငယ်ရွာ၊ ရွာသစ်ရွာနေ စစ်ကောင်စီခန့် ရာအိမ်မှူးနှင့် ဇနီးဖြစ်သူတို့ကို သုတ်သင်ရှင်းလင်းခဲ့ကြောင်း ကော့သောင်းမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်လိုက်သည်။

စစ်ကောင်စီခန့် ရာအိမ်မှူးဖြစ်သူ ဦးလင်းထွန်းအောင်(ခ)လင်းလင်းနှင့် ဇနီးဖြစ်သူ ဒေါ်အေးစိန်တို့ကို ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၆ နာရီခန့်တွင် နေအိမ်သို့သွားရောက် ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

၎င်းတို့ဇနီးမောင်နှံသည် ပြည်သူ့ကာကွယ်ရေးတပ်၏ တည်နေရာစခန်းများအား စစ်ကောင်စီသို့ လမ်းပြ သတင်းပေးခြင်း၊ ပြည်သူများကို ခြိမ်းခြောက်ခြင်းများ ပြုလုပ်နေပါသဖြင့် ရေရှည်တွင် ကာကွယ်ရေးအဖွဲ့ ရဲဘော်များနှင့် ပြည်သူတို့၏ လုံခြုံရေးထိခိုက်လာနိုင်သဖြင့် ရှင်းလင်းခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စစ်ကောင်စီ၏ သတင်းပေး၊ဒလန်၊ ထောက်တိုင်များနှင့် ၎င်းတို့နှင့်ပတ်သက်သည့် လက်နက်ကိုင်များကိုလည်း စစ်ရေးအရှိန်မြှင့် ရှင်းလင်းသွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ရှမ်းကိုးရွာအပိုင် အောင်ချမ်းသာ ကျေးရွာအုပ်စုသို့၊ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ ရက်နေ့က အင်အား ၁၇၀ ရှိစစ်ကောင်စီတပ်များ ထိုးစစ်ဆင်ဝင်ရောက်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်များနှင့် တိုက်ပွဲပြင်းထန်ခဲ့သည်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကလည်း တနင်္သာရီမြို့နယ်၊ ဆင်ခြေဖုံးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ပစ်သတ်ခံခဲ့ရသည်။

အုပ်ချုပ်ရေးမှူး ဦးရန်အောင်စိုးအား တနင်္သာရီပြည်သူ့ကာကွယ်ရေးအဖွဲ့(တောင်ပံနီ)မှ ရှင်းလင်းခဲ့ကြောင်း ထုတ်ပြန်ထားသည်