စျေးတွေတက်လို့ မငတ်ဖို့ရုန်းနေရတဲ့ ပြည်သူတွေ

0
2719

အာဏာသိမ်းအပြီး ၂ နှစ်ကျော်အကြာတွင် အထွေထွေကုန်စျေးနှုန်းမှာ အလွန်အမင်းမြင့်တက် လာနေပြီဖြစ်သည်။

စီပွားရေး လုပ်ငန်းအများစုမှာ ရပ်တန့်နေပြီး အလုပ်အကိုင်ရှားပါးမှုများ ဖြစ်နေချိန်တွင် မြင့်မားလာသည့် ကုန်စျေးနှုန်းဒဏ်ကို ပြည်သူအများ ခါးစည်းခံနေကြရသည်။

နေရာအနှံ့တွင်လည်း ပဋိပက္ခများဖြစ်ပွားနေပြီး တိုက်ပွဲများ၊ ပစ်ခတ်မှုများကြောင့် ပြည်သူအများမှာ အသက်အန္တရာယ်ကျရောက်မည့် အရေးကြောင့် စီးပွားမရှာနိုင် ရှိနေသည့် ပစ္စည်းများထုခွဲရောင်းချကာ နေထိုင်စားသောက်နေကြရသည်။

ဝင်ငွေနည်းပါးကာ ကျပ်တည်းလာမှုကြောင့် ဘဝကိုပုံမှန်အတိုင်း ဖြတ်သန်းနိုင်ခြင်း မရှိကြတော့ဘဲ ဝမ်းဝရုံသာ အဓိကထားနေကြရပြီး အခြားနေ့စဉ်ဘဝအတွက် လိုအပ်သည်များအတွက် အသုံးကို ခြွေတာနေကြရသည်။

ယခုအပတ် တနင်္သာရီပုံရိပ် အစီအစဉ်တွင် ယင်းအခြေအနေများကို မေးမြန်းဖော်ပြအပ်ပါသည်။

“ထမင်းမငတ်ပါ‌ စေနဲ့လို့ပဲ ဆုတောင်းရတော့မှာ”

ထားဝယ်မြို့နယ်က CDM အိမ်ရှင်မ တစ်ဦး။

DW ။ ကုန်ဈေးနှုန်းတွေ ကြီးနေတဲ့ ကြားက စားဝတ်နေရေးကို ဘယ်လိုစီမံနေရတာလဲ။

ဖြေ ။ ကုန်ဈေးနှုန်းလား ခေါင်ခိုက်နေတာ။ ငတ်ခံလို့မှမရတာ။ ချင့်ချိန်ပြီးဝယ်စားနေရတာပေါ့။ အစက စားနေကျဆန်တစ်အိတ် နှစ်သောင်းကျော်၊ အခုလေးသောင်းကျော်။

DW ။ အဲဒါက မိသားစုတစ်နေ့တာဝမ်းရေးကို ဘယ်လိုသက်ရောက်တာတွေရှိလဲ။

ဖြေ ။ အ‌ခုတော့ထမင်းတော့မငတ်သေးဘူးပေါ့။ နောက်တော့မပြောတက်ဘူး။ အခုဆို မှေးပြီးနေလို့ရနေသေးတယ်။ အရင်ကကိုယ်လုပ်လို့ရတဲ့ဝင်ငွေကို ဘာဝယ်မယ် ဘာအတွက်ဆိုပြီး ခွဲထားလိုက်တယ်။ အခု‌ အခြေအနေကရတဲ့ လုပ်အားခနဲ့ အခုကုန်ဈေးနှုန်းနဲ့တော့ လုံးဝမမျှဘူးပေါ့နော်။ မလောက်ရင်ချေးသုံး။ ချေးသုံးပြီးတဲ့အခါဝယ်။ ရတာပြန်ကြွေးဆပ်။ အဲလိုပတ်ခြာလည်နေတယ်။ မကုန်လုံ မလောက်ငှတာတွေက ကုန်ဈေးနှုန်းတွေတက်လို့ပေါ့ကွယ်။ ခါတိုင်းဝယ်တဲ့ဈေးထက် ထက်ဝက်ကြီးနေတော့ အရင်က နှစ်ခုရတဲ့အခြေနေမှာ အခုတစ်ခုပဲရတယ်။ အရင်ကဆပ်ပြာမှုန့် တစ်ထုပ် တစ်ထောင့်ရှစ်ရာ အခုသုံးထောင်နဲ့ခြောက်ရာ။ အရင်က ဆပ်ပြာမှုန့်အပြင် သွားတိုက်ဆေး ဆပ်ပြာပါရသေးတယ်။ အဲဒီဈေးနှုန်းနဲ့ အခုက တစ်ခုပဲရတော့တယ်။

DW ။ တစ်နေ့တာကုန်ကျစရိတ်က ဘယ်လောက်ထိရှိလဲ။

ဖြေ ။ တစ်နေ့တာကုန်ကျစရိတ်က ပုံမှန်တော့မရှိဘူးပေါ့။ ဆပ်ပြာမှုန့်ကုန်တဲ့နေ့ရှိမယ်။ တစ်နေ့ကိုတော့အနည်းဆုံး တစ်သောင်းခွဲအထက်မှာရှိတယ်။ ရတာက နေ့တိုင်းပုံမှန်နေတာမျိုးမဟုတ်ဘူး။ တစ်နေ့တစ်နေ့ နှစ်ထောင်ရတဲ့နေ့ရှိတယ်။ ငါးထောင်ရတဲ့နေ့ရှိသလို တစ်သောင်းရတဲ့နေ့လည်းရှိတယ်။ ပုံမှန်မရှိဘူးပေါ့။

DW ။ ဝင်ငွေနည်းတဲ့ အချိန်ဆို ဘယ်လို စီမံခန့်ခွဲရလဲ။

ဖြေ ။ ဝင်ငွေအရနည်းတဲ့နေ့ဆိုရင် ချေးသုံးလိုက်တယ်။ နောက်နေ့ရလာရင် အဲဒါကိုပဲပြန်ဆပ်။ ပြန်ချေးပေါ့။ အရင်ကကိုရတဲ့ဝင်ငွေကို စုမိသေးတယ်။ အခုက တစ်နေ့လုပ်တာ တစ်နေ့ သုံးလို့မလောက်ဘူး။ အရင်က လုပ် တစ်နေ့နှစ်သောင်းလောက်ရရင် သုံးရက်လောက် စားစရိတ်ရတယ်။ အခုအဲဒီနှစ်သောင်းက တစ်ရက်တည်းနဲ့လည်း ကုန်သွားတယ်။ လျှော့လိုက်ရတာကတော့ တော်တော်များများရှိတာပေါ့လေ။ ကလေးတွေအတွက်တောင် ခါတိုင်းအိုဗာတင်း ဖျော်တိုက်နိုင်သေးတယ်။ အခုမနိုင်တော့ဘူး။ မုန့်ဖိုးတောင် အရင်က တစ်နေ့သုံးကြိမ်လောက် ဝယ်ကြွေးတဲ့နေရာမှာ အခု နှစ်ကြိမ် တစ်ခါတလေ တစ်ကြိမ် အဲလိုမျိုးဖြစ်သွားတာပေါ့လေ။ လုံးဝကိုမစုရဘူး။ စုလို့လည်းမမှီဘူး။ ဘာကြောင့်လဲ့ဆို ဒီနေ့ရဒီနေ့ကုန်နေတယ်လေစရိတ်က။ စားစရိတ် လူမှုရေး စစရာရာပေါ့။ လုပ်ရင်းစားရင်းတောင် မငတ်ရုံတစ်မယ်ပဲအခုက။ လုံးဝမစုမိဘူး။

DW ။ အရေးပေါ်နေမကောင်းမကျန်းမာတဲ့အခါ ဘယ်လို ရင်ဆိုင်ဖြေရှင်းခဲ့လဲ

ဖြေ ။ အစကကလေးတစ်ခုခုဖြစ်ရင် ဆေးခန်း သွားပြဖြစ်တယ်။ အခုဆိုရင် ဆေးခန်းတွေဘက် ခြေဦးတောင် မလှည့်ဖြစ်တော့ဘူး။ ဖျားတယ်၊ဗိုက်နာတယ်ဆိုယင် ရွာမှာပဲဆေးဝယ်ပြီး ပေးသောက်လိုက်တယ်။ တကယ်လို့ ဆေးရုံမဖြစ်မနေတက်ရမယ်ဆိုရင် ဆေးရုံစရိတ်က အကြွေးလုံးလုံးပါပဲ။ ကျန်းမာရေးအတွက်ဆိုပြီး ဖယ်ထားရတဲ့ အခြေနေမှာ မရှိတော့ဘူးပေါ့။

DW ။ ကိုယ့်ဝင်ငွေက တိုးလာတာမျိုးမရှိဘူးလား။

ဖြေ ။ ကုန်ဈေးနှုန်းကကြီးတယ်။ ဝင်ငွေကမတိုးဘူး။ အရင်က မိတ္တူကူးခ တစ်ချပ်လေးဆယ်ငါးကျပ်အခု ခြောက်ဆယ် စာရွယ်ဈေးကြီးလို့ ကိုယ်လဲလိုက်တက်ရတာပဲရှိတယ်။ ဝင်ငွေအနေနဲ့မတိုးဘူးပေါ့။

DW ။ ရေရှည်မှ ဒီအတိုင်းဆို ဘယ်လိုတွေ စိုးရိမ်နေတာရှိလဲ။

ဖြေ ။ ဒီအတိုင်းသာရေရှည်သွားမယ်ဆိုရင် ထမင်းမငတ်ပါ‌ စေနဲ့လို့ပဲ ဆုတောင်းရတော့မှာ ဘာကြောင့်လဲဆို ကုန်ဈေးနှုန်းက အတက်ဘက်ချည်း တက်လာတဲ့အခါ ကိုယ့်ဝင်ငွေနဲ့မမျှတဲ့ အချိန်မှာ ထမင်းငတ်ဖို့ပဲ ရှိတော့တယ်လေ။ မစုမိဘူး ။ စုဖို့မပြောနဲ့ အခုဆန်ဈေးတက်လာလို့ ကိုယ်လိုက်မဝယ်နိုင်တော့တဲ့ အခြေနေမျိုးရောက်လာဖို့ပဲရှိပြီ။

DW ။ မိန်းမသားတစ်ယောက်ဆိုတော့ အလှအပအတွက် ဝယ်တာခြမ်းတာမျိုးတွေရှိမှာပေါ့။ အဲဒါတွေအပေါ်ရော ဘယ်လိုသက်ရောက်မှာရှိလဲ။

ဖြေ ။ အဝတ်စားလား။ လှလှပပတွေ မဝယ်ဖြစ်တော့ဘူး။ အခုရာသီလိုက်ပေါ့ အဝတ်စားမျိုးတွေလောက်ပဲ ဝယ်ဖြစ်တယ်။ စပန်းသားတို့လို အထည်မျိုးတွေပေါ့ ဈေးကြီးတာတွေ ဖက်ရှင်တွေဘက် မလှည့်နိုင်တော့ဘူး။ စားဖို့ပဲ အဓိကဖြစ်နေတယ်။ အဝတ်ဆိုတာ အဓိကမဟုတ်တော့ဘူး။ စားဖို့ကနေ့တိုင်းလိုနေတာ။ စားဖို့ကသာ နံပတ် ၁ ထားရတယ်။

DW ။ အဲဒါတွေ ဘာကြောင့်ဖြစ်နေတယ်လို့ ယူဆလဲ။

ဖြေ ။ ဒါကတော့ ကိုယ့်‌တစ်ယောက်တည်းလည်း မဟုတ်ဘူး။ အားလုံးရင်ဆိုင် ကြုံတွေ့နေရတာလေ။ ဘာကြောင့်လဲဆို အဓိကနိုင်ငံရေး မတည်မငြိမ်ဖြစ်နေတာကြောင့် ဖြစ်နေတာလေ။ အဲဒါမဖြစ်ရင် ကျွန်မတို့ ဒီလိုဖြစ်လာလိမ့်မယ်မထင်ဘူး။

ဖျက်ကနဲဆိုဟိုကပစ်ဒီကပစ် အဲဒီအတွက်လည်း စိတ်ပိုင်းဆိုင်ရာတွေ ထိခိုက်တာတွေရှိတယ်။

DW ။ ကျေးဇူးတင်ပါတယ်။

“စားဝတ်နေရေးကျပ်တည်းတဲ့သူတွေ တော်တော်များလာတယ်”

လောင်းလုံးမြို့နယ် ပန်းဒလဲရွာမှ အိမ်ရှင်မတစ်ဦး။

DW ။ လက်ရှိကုန်ဈေးနှုန်းအနေထားဘယ်လိုရှိလဲ။

ဖြေ ။ အကုန်ဈေးတက်တယ် အရင်ကျွန်မတို့အမြဲစားတဲ့ ဆန် တစ်အိတ်မှ ၂၉၀၀၀ ကျပ်‌ပဲပေးရတယ်။ အခု တစ်အိတ်ကို ၃၆၀၀၀ ကျပ်ပေးဝယ်ရတယ်။ ဆန်အပြင် ဆီဈေး အကုန်တယ်တယ်။ အရင်က ပုဇွန်နှစ်ကောင်ဆီ တစ်ဘူး တစ်ထောင့်ငါးရာနှစ်ထောင်ပဲ။ အခု လေးထောင်ကျော်ရှိတယ်။ ပဲလုံးဆီ တစ်ဘူး အရင်က နှစ်ထောင်ကျော် အခု ငါးထောင်ကျော်တယ်။

DW ။ ဈေးသွားတဲ့အခါ အရင်အခြေအနေနဲ့ ဘယ်လိုကွာခြားသွားလဲပြောပြပါဦး။

ဖြေ ။ အရင်က ပိုက်ဆံတစ်သောင်းလောက်နဲ့ ဈေးသွားရင် ဟင်းသီးဟင်းရွက်ကအစ အသားငါး အစုံရတယ်။ တစ်နေ့လုံးစာ ဖူလုံ‌အောင်စားလို့ရတယ်။ အခုက နှစ်သောင်းလောက်ကိုင်ပြီး ဈေးသွားမှရတယ်။ ကြက်သားတစ်စိတ်ကို ၃၀၀၀ လောက်အနည်းဆုံးရှိတယ်။ ငါးဆိုရင် တစ်နပ်စားဖို့အတွက် သုံးထောင်ဖိုးလောက်ဝယ်မှရတယ်။ အဲဒါငါးကောင်းကောင်း မဟုတ်သေးဘူး။ အရင်က ငါးနှစ်ထောင်ဖိုးဝယ်စားရင် တစ်နေ့ကုန်စားလို့ရတယ် အခုမရတော့ဘူး။

DW ။ အဲဒီအတွက် တစ်ခုခုကို လျှော့ပြီးသုံးစွဲလိုက်ရတာမျိုးရှိလား။

ဖြေ ။ ရှိတာပေါ့ရှင်ဘာမဆို အလှူအတန်းကအစ ချင့်ချိန်ပြီး လှူရတော့တယ်။ အရင်က တစ်ခွက်ဆွမ်းအဖြစ်နဲ့တောင် ရွာမှာ ကျောင်းနှစ်ကျောင်းရှိရင် နှစ်ခွက်လှူနိုင်သေးတယ်။ အခုမလှူနိုင်တော့ဘူး။ အရင်ကနေ့တိုင်းလှူတယ်။ အခုဆို သုံးရက်လောက်ကြာမှာ တစ်ခါလှူဖြစ်တော့တယ်။ ကျွန်မက စားစရာလှူလေ့ရှိတယ်။ အခု အဲဒါမျိုးတောင်မလှူနိုင်တော့ဘူး။ စားရိက္ခာကို စစရာရာချင့်ချိန်နေရတာပေါ့ရှင်။ အလှူအတန်းကအစ အလှူလက်ဆောင်ဖိုးမတက်နိုင်သလို မသွားဖြစ်တဲ့ အလှူတစ်ချို့တောင်ရှိပါတယ်။ ဈေးထဲမှာ စားချင်တဲ့ငါးလေးတစ်ကောင်မြင်တာတောင် ဈေးက ကိုယ်မဝယ်နိုင်တဲ့ဈေးတွေ ဖြစ်နေတဲ့အခါကျတော့ ပြန်ထားခဲ့ရတာတွေရှိတာပေါ့။ နောက်နေ့အတွက် မကျန်တော့မှာစိုးလို့ ငါးထောင်တန်တဲ့ ငါးကို စားချင်တာတောင်မှ မစားရက်ဘဲ သုံးထောင်တန်တဲ့ငါးကိုပဲ ရွေးဝယ်ပြီး ချက်ရတဲ့အခါရှိတာပေါ့။ အခုက ရသလောက်မကျန်ဘူး ကုန်ဈေးနှုန်းတွေကကြီး နေတဲ့အခါကျတော့ ရသလောက် ကုန်ဆိုတာမျိုးဖြစ်နေတာပေါ့။

DW ။ အဲဒီလိုကြုံတွေ့နေရတာ အစ်မတစ်ယောက်တည်းလား ရွာကလူတွေရော ဘယ်လိုကြုံတွေ့နေရတာရှိလဲ။

ဖြေ ။ အခုကျွန်မတို့ရွာမှာဆိုရင် အလုပ်မရှိလို့ စားဝတ်နေရေးကျပ်တည်းတဲ့သူတွေ တော်တော်များလာတယ်။ ငှားမှလုပ်ရတဲ့ အငှားအလုပ်သမားတွေဆို တော်တော်ပင်ပန်းတယ် အလုပ်မရှိကြလို့။ ရွာမှာတောင်လူတွေ နည်းကုန်ပြီး ရန်ကုန်တက်ပြီး ငါးပိချက်တဲ့ စက်ရုံဆိုလား အဲဒီမှာ လုပ်ဖို့ထွက်သွားကြတာ တော်တော်လည်းများနေပြီ။

အလုပ်လက်မဲ့တွေ ပေါများလာတဲ့အခါကျတော့ရွာမှာ ခိုးဝှက်တာတွေပေါများလာတယ်။ တံခါးပိတ်ပြီးသွားတဲ့ အိမ်တွေမှာဆိုရင် ထမင်းပေါင်းအိုး၊ ဂတ်စ်အိုးကစအကုန် တက်ခိုးခံရတယ်။

DW ။ ကိုယ်ရတဲ့ ဝင်ငွေအပေါ် စုမိဆောင်းမိတာတွေရှိသေးရဲ့လား။

ဖြေ ။ အရင်ကတစ်ရက်ကို ၈၀၀၀ ရရင် ၂၀၀၀ လောက်စုမိသေးတယ်။ အခု စုဖို့မတတ်နိုင်တော့ဘူး စားဖို့အနိုင်နိုင် အရင်ကစုထားတာလေးတွေနဲ့ ချင့်ချိန်ပြီးစားသောက်နေရတာပေါ့။

DW ။ နေမကောင်း စားမကောင်းဖြစ်လာရင် ဘယ်လို ကြုံတွေ့နေရလဲ။

ဖြေ ။ ကျန်းမာရေးနဲ့ပတ်သက်ရင် ဆေးဖိုးတောင် နှစ်ဆလောက်တက်တယ်။ အရင်က ဆရာတစ်ယောက်ခေါ် ဆေးတစ်လုံးထိုးရင် ၃၅၀၀ ပေးရတယ်။ အခုက ခုနှစ်ထောင်ရှစ်ထောင်အနည်းဆုံး။

အိမ်ရှင်မအချင်းချင်းတောင် တီးတိုးတိုင်ပင်ယူရတယ်။ နောက်နေမကောင်းဖြစ်ရင် ဈေးသက်သာတဲ့ ဆရာ ခေါ်ဖို့ဆိုပြီး။ အဲဒီဆရာတွေကလည်း ပြောတာပဲ အခုအချိန်မှာ ဆေးတစ်ခါဝယ်ရင် တစ်သိန်းနှစ်သိန်းမရတော့ဘူး။ လေးငါးသိန်းဖိုးလောက် ဝယ်လာမှ ရွာပြန်ဆေးလာကုလို့ရတာမျိုးဆိုပြီး သူတို့က ပြန်ပြောကြသေးတယ်။ ဆေးဖိုးမတက်နိုင်တဲ့အခါ အရန်သင့်ဖြစ်အောင်လို့ အိမ်မှာ ဆေးမြီးတိုလေးတွေ မပြတ်ဆောင်ထားရတယ်။

DW ။ ဒီလိုဖြစ်နေတာက အခုမှာလား အရင်ကတည်းက ဖြစ်နေတာမျိုးလား။ ဘယ်လိုထင်လဲ။

ဖြေ ။ အခုနှစ်နှစ်ထဲ တော်တော်ပင်ပန်းတယ်။ စားဝတ်နေရေး၊ကျန်းမားရေး လူမှုရေးကအစ ။အရင်က အားလုံးဆင်ပြေတယ်။အရင်က ညရေးညတာနေမကောင်းဖြစ်လာရင် ဘယ်အချိန်မဆို ဆိုင်ကယ်လေးနဲ့ထသွားပြီး နှိုးလို့ရတယ်။ အခုက သွားလဲမသွားရဲကြတော့သလို သွားနှိုးလည်း တံခါးဖွင့်မပေးကုတော့ပါဘူး။ နေမကောင်းရင် နေမကောင်းတဲ့အတိုင်းနေရတယ်။ အဲဒါတွေလည်း အခုဒုက္ခရောက်နေကြတာပေါ့။ စားရိက္ခာလည်းခက်ခဲ နေရ စားရတာလည်း ကြောက်ကြောက်လန့်လန့် အားလုံးအစစအရာရာပါပဲရှင်။ အခုအခြေနေက နိုင်ငံရေးကလည်း အဆင်မပြေနေတော့ စားရိက္ခာကို ကြိုတင်ပြီးဝယ်နေရတယ်။ ဈေးတက်နေပြီဆိုတဲ့ သတင်းကြားတာနဲ့ သွားဝယ်နေရတာ ဒီထက်မက ဈေးတက်လာမှာစိုးလို့။ တကယ်လို့များ အခြေနေတစ်ခုခုကြောင့် ဆိုင်တွေပိတ်ထားရင် မဝယ်ရတော့မှာစိုးလို့ ကြိုတင်ပြီးဝယ်ထားရတယ်။ စစ်ကားတွေ ဘယ်နေရာဆင်းနေတယ်။ ဘယ်နေရာကို ရောက်နေတယ်ဆိုတာ သတင်းကြားတာနဲ့တင် နယ်ဖက်မှာဆိုဆိုင်တွေ တော်တော်များများက ပိတ်လိုက်တာပဲ။ အဲဒါကြောင့် ကြိုတင်ဝယ်ခြမ်းရတာတွေရှိတာပေါ့။ အခု မိုးရာသီဆိုရင် ဘယ်လိုလုပ်ရမလဲပေါ့နော် ဒီကုန်ဈေးနှုန်းနဲ့ဆို စဉ်းစားပြီး စိုးရိမ်ရိမ်နေရတယ်။ ဆန်တွေ ကြိုဝယ်ထားရတယ် ဒီထက်မကဈေးတွေ ထိုးတက်လာမှာ စိုးရိမ်နေရတယ်ရှင်။

DW ။ ကျေးဇူးတင်ပါတယ်။

“အဝတ်လျှော်စက်ဆိုရင် လုံးဝမသုံးတော့ဘူး”

ကော့သောင်းမြို့နေ အသက် ၅၀ ကျော်အမျိုးသားတစ်ဦး။

DW ။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကုန်ဈေးနှန်းတွေ တဖြည်းဖြည်းကြီးလာတာပေါ့၊ ဒီလို ကုန်ဈေးနှုန်းတွေကြီးလာတာနဲ့ ဆက်စပ်ပြီးတော့ လူတွေရဲ့ နေထိုင်စားသောက်ပုံစံတွေ ပြောင်းလဲသွားတာမျိုး ရှိမလား။

ဖြေ ။ အာဏာမသိမ်းခင်က လူတော်တော်များများပြေလည်ကြတယ်၊ အာဏာသိမ်းပြီး တစ်နှစ်အတွင်းမှာကိုတောင် ဘတ်ဈေးတွေတက်လာတယ်ကွ၊ ဘတ်ဈေးတွေတက်လာတော့ အိမ်လခတွေတက်လာတယ်၊ အခန်းငှားပြီး ကုန်စုံဆိုင်ရောင်းသမား‌တွေ အခက်အခဲဖြစ်လာတယ်၊ မီတာခရောတက်လာတယ်၊ အစစအရာရာ တက်လာတဲ့အပေါ်မှာ အိမ်စရိတ်တွေလျှော့ချလာရတယ်။ ကုန်စုံဆိုင်မှာဆိုရင် ရေခဲသေတ္တာနှစ်လုံးမှာ တစ်လုံးပဲ မောင်းနိုင်တော့တယ်။

DW ။ ကိုယ်တိုင်ကရော ဘယ်လိုပြောင်းလဲသွားတာမျိုး ရှိမလဲ။

‌ဖြေ ။ အရင်တုန်းက အလုပ်ရှိတယ်၊ နိုင်ငံရေးအပြောင်းအလဲနဲ့ဆက်စပ်ပြီးတော့ အလုပ်နားလိုက်ရတယ်။ အလုပ်မရှိတော့ တော်တော်များများ သုံးတာတွေ လျှော့ပစ်ချလိုက်ရတယ်။

DW ။ ဘာတွေ လျှော့ပစ်ချလိုက်ရတာလဲ။

ဖြေ ။ အိမ်မှာ မိသားစုသုံးယောက်ရှိတယ်။ တစ်ရက်ကို တစ်သောင်းကုန်နေတာ၊ အရင်ကဆို မနက်တိုင်း ထမင်းကြော်စားတယ်။ အခုမစားနိုင်တော့ဘူး လက်ဖက်ရည်နဲ့ မုန့်တစ်ခုပဲ အဲလို ချွေတာလိုက်ရတာ။ အဝတ်လျှော်စက်ဆိုရင် လုံးဝမသုံးတော့ဘူး။

DW ။ အလုပ်မရှိ‌တော့ဘူးဆိုတော့ ဘယ်လိုရပ်နေရတာလဲ။

ဖြေ ။ အလုပ်မရှိတော့ အရင်တုန်းက လုပ်ထားတဲ့ ငွေလေးနဲ့ ကုန်စုံဆိုင်တစ်ဆိုင်မှာ ရှယ်ယာဝင်ပြီးတော့ ရတာလေးနဲ့ပဲ ထိုင်စားနေရတာ၊ အခြားလုပ်ငန်းလည်း လုပ်လို့မရဘူး၊ လုပ်ဖို့အတွက် အရင်းအနှီးလည်း မရှိဘူးလေ။

DW ။ လူမူရေးဘက်တွေမှာရော အရင်လို ဆက်လုပ်ဖြစ်သေးရဲ့လား။

ဖြေ ။ လူမူရေးက သာရေးနာရေးပေါ့ နာရေးက လွဲလို့မရဘူး၊ မင်္ဂလာပွဲဆိုရင် တအားရင်းနှီးတဲ့ ပွဲပဲ သွားဖြစ်တော့တယ်။

DW ။ အခြားပြောချင်တာများ ရှိပါသလား။

ဖြေ ။ အခြားဖြည့်စွတ်ပြောချင်တာ ဘာမှမရှိဘူး၊ ဒီကိစ္စ(နိုင်ငံရေးအပြောင်းအလဲ)တွေ မြန်မြန်ပြီးအောင် လိုချင်တယ်၊ ဒါမှ အလုပ်တွေ ပြန်လုပ်၊ ကုန်ဈေးနှုန်းတွေလည်းကျ လူတွေလည်း အရင်လို ပြန်နေနိုင်မှာပါ။

“စီးနေတဲ့ ဖိနပ်တစ်ရန်တောင် တစ်နှစ်ပြည့်တော့မယ်”

မြိတ်မြို့နေ အသက် ၄၀ ကျော် အမျိုးသမီးတစ်ဦး။

DW ။ ကုန်ဈေးနှန်းတွေကြီးလာတော့ လူတွေရဲ့နေထိုင်စားသောက်မှုပုံစံတွေ ပြောင်းလဲသွားတာမျိုး ရှိမလား။

ဖြေ ။ ရှိတာပေါ့၊ ပြောင်းလဲသွားတာ ကိုယ်တစ်ယောက်တည်းမဟုတ်ဘူး၊ အားလုံးပြောင်းလဲကြတာပဲ။

DW ။ ဘယ်လိုပြောင်းလဲသွားပါသလဲ။

ဖြေ ။ ကုန်ဈေးနှုန်းကြီးလာတယ် ဆန်ကြမ်းတစ်ပြည် ၃၄၀၀၊ ပေါ်ဆန်း‌မွှေး တစ်ပြည် ၃၈၀၀ ဖြစ်နေပြီ အိမ်မှာလူတစ်ဆယ်ကျော်ရှိတယ်၊ ခါတိုင်းဆို ပေါဆန်းမွှေး နှစ်ပြည်ကုန်နေကျပဲ၊ အခုကျတော့ ပေါ်ဆန်းမွှေးကတစ်ပြည် ဆန်ကြမ်းကတစ်ပြည်ရောပြီး ချက်တာ၊ ထမင်းစားတဲ့ ပုံစံပြောင်းလိုက်တာပေါ့။

DW ။ အခြားရော ဘာတွေပြောင်းလဲသွားတာမျိုး ရှိမလဲ။

ဖြေ ။ ဆန်ဖိုးမပါပဲ ဈေးဖိုးက တစ်နေ့တစ်သောင်းခွဲအတိ ကုန်နေကျပဲ၊ အခုက တစ်သောင်းအတိပဲသုံးတော့တာ၊ တစ်သောင်းနဲ့ လောက်အောင် အသားငါးတွေဝယ်တယ်၊ လောက်‌အောင်စားရတာပေါ့။

DW ။ ဒါတွေက အိမ်ရဲ့တစ်နေ့တာ စားသောက်မှုပုံစံ‌တွေပေါ့၊ အမျိုးသမီးတစ်ယောက်အနေနဲ့ အခြားအသုံးစရိတ်တွေမှာရော ပြောင်းလဲသွားတာရှိမလား။

ဖြေ ။ ရှိမှရှိပဲ၊ ခေါင်း‌လျှော်ဆိုင်ဆို တစ်ပတ်တစ်ခါ သွားနေကြပဲ၊ အခုမရောက်ဖြစ်တော့ဘူး တစ်လမှ တစ်ခါပဲ ရောက်ဖြစ်တယ်၊ ဖိနိပ်တောင် သုံးလေးလ တစ်ရန်လဲနေကျ အခုမလဲတော့ဘူး စီးနေတဲ့ ဖိနပ်တစ်ရန်တောင် တစ်နှစ်ပြည့်တော့မယ်၊ ပြတ်သွားရင် ချုပ်ခပေးပြီး ပြန်စီးတယ်၊ ခါဆိုင်းဆို ကုန်တိုက်( Myeik Shopping centre)ကို တစ်ပတ်တစ်ခါရောက်တယ် ကလေးတွေအတွက် မုန့်‌တွေဆိုအထုတ်လိုက်ကို ဝယ်တာ တစ်ခါတစ်ခါဝယ်ရင် ငါးသောင်းအောက်မကျဘူး၊ အခုဆို မသွားဖြစ်တော့ဘူး။

DW ။ ဈေးဝယ်ထွက်တာဆိုလို့၊ အခုဆိုရင် ဈေးဝယ်ထွက်တဲ့သူတွေက ပုံမှန်လိုရှိနေတာကိုရော ဘယ်လိုမြင်ပါသလဲ။

ဖြေ ။ ကိုယ်တွေသာ ကုန်တိုက်မသွားပေမယ့်၊ကုန်တိုက်မှာ လူနည်းသွားလား မနည်းဘူး ဝင်ငွေများတဲ့သူတွေ၊ စီးပွားရေးသမားတွေ၊ အောက်စိုက်‌ကောင်းကောင်းရနေတဲ့ ဝန်ထမ်းတွေ၊ မှောင်ခိုလုပ်ငန်းလုပ်ကြတဲ့သူတွေ အဲလိုလူတန်းစားတွေက ရှိနေမှာပဲ၊ ဝင်‌ငွေများတဲ့သူက အကြောင်းမဟုတ်ဘူး၊ ပုံမှန်လခစား‌တွေမှာ ချင့်ချိန်နေရတာကိုး။

DW ။ အခြားလူမှုရေးဘက်တွေမှာရော ပြောင်းလဲမှု ရှိမလား။

ဖြေ ။ သာရေး နာရေးပွဲတွေမှာ လျှော့ပြီးပေးဖြစ်လာတယ်၊ ဥပမာ မင်္ဂလာပွဲ‌တွေမှာ ခါတိုင်း သုံးသောင်းပေးနေတာအခု နှစ်သောင်းပဲပေးနိုင်တာမျိုးပေါ့။

DW ။ အခြားဖြည့်စွက်ပြောချင်တာများ ရှိပါသလား။

ဖြေ ။ အကုန်အကျနည်းအောင် ဒီလောက်လျှော့သုံးနေတာတောင် ကိုယ်ရတာနဲ့ မလောက်ဘူး၊ ပုံမှန်ဝင်‌ငွေရှိတဲ့သူ‌တွေပဲရှိသေး၊ တစ်နေ့လုပ်တစ်နေ့စား ကျပန်းသမားတွေဆိုရင် ဘယ်လောက်အခက်အခဲ ဖြစ်နေမလဲဆိုတာ တွေးကြည့်လို့ရတယ်။

DW ။ ကျေးဇူးတင်ပါတယ်။