ပုလော သင်္ကန်းတောရွာသားတစ်ဆယ်ကျော် ဖမ်းခေါ်ခံရဟုဆို

0
2566

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ သင်္ကန်းတောရွာသား ၁၀ ဦးကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၄ရက် နံနက် ၈ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်က ကဒဲရွာဘက်သို့ တကျော့ပြန် စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ယင်းသို့ စစ်ကြောင်းထိုးလာချိန် သင်္ကန်းတောရွာအပြင်တွင် တဲထိုးကာ စစ်ဘေးရှောင်နေထိုင်နေကြသည့် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၁၀ ကျော်ကို ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

ပုလောဘက်မှ လာလျှင် မင်းထိန်ရွာ ဦးစွာရောက်ပြီး ပြီးမှ သင်္ကန်းတောရွာ၊ ကဒဲရွာ အစဉ်အတိုင်း ရောက်မည်ဖြစ်သည်။

“လည်းပြင် (ရွာအပြင်လယ်ကွင်း) ကဖြတ်ပြီး ကဒဲဖက်ကို စစ်ကြောင်းထိုးအသွား ဖမ်းသွားတယ်။ မိန်းမတွေက ပိုများတယ်ကြားရတယ်” ဟု ကဒဲရွာမှ တိမ်းရှောင်နေသည့် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ပုလောမြို့ဖက်မှ ဆင်းလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် သင်္ကန်းတောရွာအပြင်ဖက်မှ ဖြတ်ပြီး ကဒဲရွာဖက်သို့ ယနေ့နံနက်က စစ်ကြောင်းထိုးခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

“(ဖေဖော်ဝါရီ ၂၃) ညကရွာကို ဖြတ်သွားသေးတယ်။ ရွာသားတွေကိုတော့ ဖမ်းခေါ်တာတွေတော့ မလုပ်ဘူး” ဟု မင်းထိန်ရွာ ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီတပ်က သင်္ကန်းတောရွာကို ဖေဖော်ဝါရီ ၁၅ ရက်နေ့လယ်က ဝင်ရောက်စီးနင်းခဲ့ပြီး ယင်းညတွင် ကဒဲ ကျေးရွာအတွင်းသို့ ဝင်ရောက်စီးနင်းခဲ့သဖြင့် နှစ်ဖက်အပြန်အလှန် တိုက်ပွဲဖြစ်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်များ ဆုတ်ခွာပေးခဲ့ရသည်။

ယင်းသို့ဆုတ်ခွာသွားပြီးနောက်တစ်ရက်တွင် စစ်ကောင်စီတပ်က ကဒဲရွာအား မီးရှိုခဲ့ရာ နေအိမ် ၁၆၅ လုံး မီးလောင်ဆုံးရှုံးခဲ့ရသည်။

ကဒဲရွာတွင် အိမ်ခြေ ၄၀၀ နီးပါးရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်များက ယင်းရွာတွင် ယာယီတပ်စခန်းချထားခြင်း ဖြစ်သည်။