KNU ဗဟိုကော်မတီအားလုံး နုတ်ထွက်ပေးရန် ကမ္ဘာတစ်ဝန်းရှိ ကရင်များ တောင်းဆို

0
2611
ပုံစာ - KNU (၆) ကြိမ်မြောက် ဗဟိုအမြဲတမ်းကော်မတီ အစည်းအဝေးကို ၂၀၁၈ ခုနှစ်က ကျင်းပစဉ်

ကရင်အမျိုးသားအစည်းအရုံး KNU ဗဟို၏ အလုပ်အမှုဆောင် အဖွဲ့ဝင်အားလုံး နုတ်ထွက်ပေးရန် ကမ္ဘာတစ်ဝန်းရှိ ကရင်အဖွဲ့အစည်းများက ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် တောင်းဆိုလိုက်သည်။

ကရင်အမျိုးသားအစည်းအရုံး ဗဟိုဌာနချုပ်၏ အထွေထွေအတွင်းရေးမှူးချုပ်ထံ ကမ္ဘာတစ်ဝန်းရှိ ကရင်အဖွဲ့အစည်း ၆၈ ခုက အိတ်ဖွင့်ပေးစာပေးပို့ပြီး တောင်းဆိုလိုက်ခြင်းဖြစ်သည်။

KNU ၏ မူဝါဒနှင့် ဆန့်ကျင်ပြီးလုပ်ဆောင်နေသည့် ခေါင်းဆောင်များရှိနေသလို စစ်ကောင်စီနှင့် ပူးပေါင်းလုပ်ဆောင်နေသည့် ခေါင်းဆောင်များရှိနေသော်လည်း အရေးယူခြင်းမရှိသည်မှာ ဗဟိုအလုပ်အမှုဆောင်ကော်မတီနှင့် ဗဟိုအမြဲတမ်းကော်မတီတို့၏ ခေါင်းဆောင်မှုကျဆင်းနေသည်ကို ပြသနေခြင်းဖြစ်ကြောင်း အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။

ထို့အပြင် KNU ၏မူဝါဒနှင့် ဆန့်ကျင်လုပ်ဆောင်နေသည့် ခေါင်းဆောင်ပိုင်းများကို အရေးယူမှုမရှိသည့်အပြင် ၁၇ ကြိမ်မြောက် KNU ရွေးကောက်ပွဲ(ကွန်ကရက်ညီလာခံ)တွင် ဝင်ရောက်အရွေးခံခွင့်ကိုပါ ပေးထားကြောင်း ဖော်ပြထားသည်။

KNU ကွန်ကရက်ညီလာခံမှာ နိုင်ငံတကာက အသိအမှတ်ပြုထားသည့် ဒီမိုကရေစီစနစ်ကျသော ရွေးကောက်ပွဲ တစ်ခု၏စံနှုန်းများနှင့် နှိုင်းယှဉ်ပါက အရည်အသွေးနိမ့်ကျသည့်အဆင့်တွင်ရှိနေကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

ယင်းကြောင့် ကျင်းပမည့် KNU ကွန်ကရက်ညီလာခံမှာ ကရင်လူမျိုးများ၏ တော်လှန်ရေးနှင့် နိုင်ငံရေးကို ဦးဆောင်နေသည့် KNU ကို ပိုမိုကောင်းမွန်လာအောင် ပြောင်းလဲပေးနိုင်မည်မဟုတ်ဘဲ နာမည်ပျက်နေသည့် ခေါင်းဆောင်ဟောင်းအချို့အတွက် သိက္ခာကို အဖတ်ဆယ်ရန်နှင့် တရားဝင်နိုင်ငံရေး အခွင့်အာဏာ ပြန်လည်ရရှိရန် အထောက်အကူပေးမှု တစ်ခုသာဖြစ်ကြောင်း ဖော်ပြထားသည်။

ထိုသို့ အိတ်ဖွင့်ပေးစာဖြင့် တောင်းဆိုခြင်းမှာ ကရင်အမျိုးသားအစည်းအရုံး KNU ကို တိုက်ခိုက်ခြင်းမဟုတ်ဘဲ တော်လှန်ရေးနှင့် နိုင်ငံရေးကို ဦးဆောင်မည့်ခေါင်းဆောင်များ ပွင့်လင်းမြင်သာမှု တာဝန်ယူမှု တာဝန်ခံမှု ရှိစေချင်သည့်အတွက်ဖြစ်ကြောင်း ကမ္ဘာတစ်ဝန်းရှိ ကရင်အဖွဲ့အစည်းများ၏ကိုယ်စား ပြောရေးဆိုခွင့်ရှိသူ နော်ဆဲဆဲက Dawei Watch ကို ပြောသည်။

“အဓိကက ပြုပြင်ပြောင်းလဲစေချင်တယ်။ မှန်မှန်ကန်ကန်ရပ်တည်စေချင်တယ်။ ပွင့်ပွင့်လင်းလင်းနဲ့ တာဝန်ခံမှု တာဝန်ယူမှု ရှိစေချင်တဲ့ဆန္ဒပဲ ဖြစ်တယ်ပေါ့နော်။ ဒီတော်လှန်ရေးထဲမှာ သက်ရောက်မှုရှိတယ်ဆိုပေမယ့် တစ်ဘက်မှာလည်း အပြောင်းအလဲလုပ်စေချင်တဲ့ ဆန္ဒနဲ့ပဲဖြစ်တယ်ပေါ့နော်”ဟု နော်ဆဲဆဲ က ဆိုသည်။

KNU ဗဟို၏ ကွန်ကရက်ညီလာခံကို မည်သည့်အချိန်တွင် ကျင်းပမည်ဆိုသည်ကိုမူ မသိရကြောင်း ၎င်းက ပြောသည်။

KNU အနေဖြင့် အခြေအနေအတိုင်း ဆက်သွားနေပါက ကရင့်တော်လှန်ရေး ဦးဆောင်မှု ယိုယွင်းပျက်စီးနေမည်ဖြစ်ပြီး ကိုင်တွယ်ဖြေရှင်း မရသည့် အခြေအနေအထိ ဖြစ်လာနိုင်ကြောင်း အိတ်ဖွင့်ပေးစာတွင် သတိပေးထားသည်။

ထိုကြောင့် KNU အထွေထွေအတွင်းရေးမှူးချုပ်ထံ အိတ်ဖွင့်ပေးစာပေးပြီး အချက် ၄ ချက်ကို တောင်းဆိုထားခြင်းဖြစ်သည်။

ကရင်တစ်မျိုးသားလုံး၏ ကံကြမ္မာအတွက် စိတ်သဘောထားကြီးစွာဖြင့် စုပေါင်းတာဝန်ယူမှု တာဝန်ခံမှုရှိသည့်စိတ်ဖြင့် ဗဟိုအလုပ်အမှုဆောင်တစ်ဖွဲ့လုံး မိမိသဘောဆန္ဒဖြင့် နုတ်ထွက်ကြရန် တောင်းဆိုထားသည်။

ထို့အပြင် ရှေ့မတိုးသာ နောက်မဆုတ်သာဖြစ်နေသည့် KNU ၏ နိုင်ငံရေးဦးဆောင်မှုအကျပ်အတည်းကို အဖြေရှာနိုင်ရန်နှင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီအသစ်ကို ရွေးကောက်နိုင်ခြင်းမရှိသေးသည့် ကာလတွင် အများလက်ခံနိုင်သော ခေါင်းဆောင်များဖြင့် ကြားကာလစီမံခန့်ခွဲရေးအဖွဲ့တစ်ခု ဖွဲ့ရန်လည်း တောင်းဆိုထားသည်။

ယင်းကြားကာလစီမံခန့်ခွဲရေးအဖွဲ့ကပင် KNU လမ်းစဉ်နှင့်ကိုက်ညီပြီး ဒီမိုကရေစီရွေးကောက်ပွဲစံနှုန်းနှင့်ညီသည့် ကွန်ကရက်နှင့်ရွေးကောက်ပွဲတစ်ခုကို စီစဉ်ဆောင်ရွက်ပေးရမည်ဆိုသည့်အချက်များအပါအဝင် အချက်လေးချက်ကို အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။

“အပြောင်းအလဲကြီးကြီးမားမားတော့ မမျှော်လင့်ထားပါဘူး။ ဒါပေမဲ့ ကျွန်မတို့ရဲ့သဘောထားတွေကို သိရှိနားလည်စေချင် တာလည်း ပါတယ်ပေါ့နော်။ ပြီးရင် ဒီမိုကရေစီအရ ဆန္ဒဖော်ထုတ်ပြသတာလည်း ဖြစ်တယ်ပေါ့နော်”ဟု နော်ဆဲဆဲက ဆိုသည်။

KNU ဗဟို၏ ကွန်ကရက်ကို ၄ နှစ်တစ်ကြိမ် ကျင်းပလေ့ရှိပြီး ၁၇ ကြိမ်မြောက် ကွန်ကရက်ကျင်းပမည့် အချိန်တွင် ကိုဗစ်ကပ်ဘေးနှင့် စစ်အာဏာသိမ်းမှု ဂယက်များကြောင့် ရွေ့ဆိုင်းခဲ့ရကြောင်း KNU ပြောခွင့်ရသူ ပဒိုစောတောနီးက ပြည်တွင်းသတင်းဌာနများကို ပြောဆိုထားသည်။