ကျိုက်ထိုတွင် မူလတန်းကျောင်းအုပ်ဆရာမကြီးတစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရ

0
2651

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် တဂေးချောင်းဖျားကျေးရွာ မူလတန်းကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နွယ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။

အသက် ၄၂နှစ်ရှိ ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နွယ်ဦးသည် ဖေဖော်ဝါရီလ ၂၃ရက် နေ့လယ် ၁၂နာရီဝန်းကျင်က တဂေးချောင်းဖျားကျေးရွာ မူလတန်းကျောင်းတွင်ရှိနေစဉ် လက်နက်ကိုင်လူလေးဦး ဆိုင်ကယ်နှစ်စီးဖြင့် လာရောက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ၎င်းတို့ထံမှ သိရသည်။

ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ကျောင်းအုပ်ဆရာမကြီးကို ရွာအပြင်ဘက် တဂေးချောင်းဖျား-ငှက်ပျောတော ကားလမ်းဘေးတစ်နေရာတွင် သေနတ်ဖြင့် ပစ်သတ်ပြီး ထားခဲ့သည်ကိုတွေ့ရကြောင်း ဒေသခံတို့က ပြောသည်။

“ဆရာမကြီးရဲ့ ရုပ်အလောင်းကိုတော့ ရွာအပြင်ဘက် ကားလမ်းဘေးမှာ တွေ့ရတယ်” ဟု ကျိုက်ထိုဒေသခံတစ်ဦးက ပြောဆိုသည်။

ရုပ်အလောင်းအား လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ အကူအညီဖြင့် ကျိုက်ထိုဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နွယ်ဦးသည် ကျိုက်ထိုမြို့ ဇေယျာမွန်ရပ်ကွက်တွင် နေထိုင်သူဖြစ်သည်။

၎င်းကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးသတ်ဖြတ်ခဲ့သည်ကို အတည်မပြုနိုင်သေးပေ။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကျိုက်ထိုမြို့နယ်အတွင်း၌ လက်သည်မပေါ်သည့် အရပ်သား သတ်ဖြတ်ခံရသည့် ဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွားနေသည်ဟု မြို့ခံတို့ထံမှ သိရသည်။