ရေဖြူ ဇာဒီရွာတွင် အမျိုးသားတစ်ဦး ကားတစ်စီးနှင့်အတူ အဖမ်းခံရ

0
2722

ရေဖြူမြို့နယ် ဇာဒီကျေးရွာအုပ်စုတွင် အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးကို မော်တော်ကားတစ်စီးနှင့်အတူ စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း ဒေသခံအချို့ထံက သိရသည်။

အဖမ်းခံရသူအမျိုးသားမှာ ဇာဒီကျေးရွာအုပ်စု ခေါင်ပြန်ရွာဇာတိဖြစ်ပြီး ယခုလက်ရှိ ဇာဒီကျေးရွာတွင် နေထိုင်ကာ ကံပေါက်တိုက်နယ်အတွင်း ဆောက်လုပ်ရေးကန်ထရိုက်လုပ်ငန်း လုပ်ကိုင်နေသူ ဦးမင်းမင်းဦးဆိုသူ ဖြစ်သည်။

ဦးမင်းမင်းအား ဖေဖော်ဝါရီလ ၂၃ ရက် နံနက် ၁၁ နာရီခန့်တွင် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။

“ကိုမင်းမင်းဦးကို လာဖမ်းတုန်းက သူကားပါ ယူသွားတယ်။ သူ့ကားက လိုင်စင်တော့မရှိဘူး။ လိုင်စင်ကိစ္စကြောင့် တော့ မဟုတ်ဘူးထင်တယ်။ အတိအကျတော့ ပြောမရသေးဘူး” ဟု ဇာဒီရွာသားတစ်ဦးက ပြောသည်။

ဦးမင်းမင်းဦးကို မောရဝတီရေတပ်ကို ခေါ်ဆောင်စစ်ဆေးနေပြီး ယနေ့ ဖေဖော်ဝါရီလ ၂၄ ရက် နံနက်ပိုင်းအထိ ပြန်လွတ်လာခြင်း မရှိသေးကြောင်း ၎င်းက ဆိုသည်။

၂၀၂၁ ခုနှစ် မေလ ၃၁ ရက်တွင် ဦးမင်းမင်းဦး၏ ဇနီးဖြစ်သူ ဒေါ်သီသီမာသည်လည်း ဇာဒီကျေးရွာအုပ်စု ကျန်းမာရေးမှူးဟောင်းနှင့်အတူ ဆန္ဒပြပွဲတွင် ဦးဆောင်သည်ဟုဆိုသည့် အကြောင်းပြချက်ဖြင့် ခေါ်ယူစစ်ဆေးခံခဲ့ရပြီးနောက် ပြန်လွတ်လာခဲ့သည်။

ပြီးခဲ့သည့်ရက်ပိုင်း ဖေဖော်ဝါရီလ ၂၀ ရက်ကလည်း ဇာဒီကျေးရွာတွင် ကိုအေးကိုဆိုသူ အမျိုးသားတစ်ဦး ကျေးရွာ သုသာန်အနီး စစ်ကောင်စီတပ်သားများ၏ စစ်ဆေးခြင်းခံရပြီးနောက် ခလရ ၂၇၃ သို့ ခေါ်ယူစစ်ဆေးခံရပြီး ပြန်လွတ်လာခဲ့သည်။

ယခုရက်ပိုင်းအတွင်း ဇာဒီကျေးရွာအုပ်စုသို့ စစ်ကောင်စီတပ်က နေ့စဉ်ပုံမှန် လာရောက်ပြီး လမ်းသွားလမ်းလာများကို စစ်ဆေးနေကြောင်း ဒေသခံအချို့က ပြောသည်။

ဇန်နဝါရီလနှောင်းပိုင်းနှင့် ဖေဖော်ဝါရီလအတွင်း ဇာဒီကျေးရွာအနီး ကံပေါက်ဒေသတွင် ဒေသခံ ၂၅ အထိ အဖမ်းခံခဲ့ရကာ ၂၃ ဦးသာ ပြန်လွတ်လာပြီး ကျန်နှစ်ဦး ထိန်းသိမ်းစစ်ဆေးခံနေရဆဲဖြစ်သည်။