ဘန်ကောက်တွင် ထိုင်းရဲဟန်ဆောင်ထားသူများက မြန်မာများထံမှ ဘတ် ၁၈၀၀၀ ခိုးယူ

0
2634

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မော်ချစ်အဝေးပြေးကားဂိတ်တွင် ရဲအရာရှိများအဖြစ် ဟန်ဆောင်ထားသော ထိုင်းနိုင်ငံသား ၅ ဦးသည် မြန်မာနိုင်ငံသားများထံမှ ဘတ် ၁၈၀၀၀ ကို ခိုးယူခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ဖေဖော်ဝါရီလ ၂၂ ရက် နံနက် ၄ နာရီအချိန်ခန့်တွင် မြန်မာနိုင်ငံသား ၄ ဦးသည် ချင်းမိုင်မှ ဘန်ကောက်သို့ အဝေးပြေးယာဉ်လိုင်းဖြင့် ထွက်ခွာလာကြောင်း၊ ဘန်ကောက်ရှိ မော်ချစ်အဝေးပြေးကားဂိတ်အရောက်တွင် ဘန်ဘော်ဒေသသို့ ခရီးဆက်သွားရန် စုံစမ်းခဲ့ကြသည်။

ယင်းနောက်အငှားကားအတွင်း ဝင်ထိုင်စဉ်တွင် ကားဘေးတွင်ရပ်နေသော ထိုင်းလူမျိုးတစ်ဦးက သူ့ကိုယ်သူ ရဲအရာရှိဟုပြောကာ မူးယစ်ဆေးဝါးစစ်ဆေးရန်အတွက် အိတ်များကို ရှာဖွေရန်နှင့် ပက်စ်ပို့အထောက်အထားများ ပြသပေးရန် ပြောခဲ့ပြီးနောက် အိတ်များကို ရှာဖွေပြီး ပြန်ပေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသားများသည် နေထိုင်ရာတိုက်ခန်းသို့ ရောက်သောအခါ အိတ်များကို ပြန်စစ်ရာ ဘတ် ၁၈၀၀၀ ပျောက်ဆုံးနေကြောင်း သိရှိရသဖြင့် ဘန်စူ့ရဲစခန်းသို့ သွားရောက်တိုင်ကြားခဲ့ကြောင်း ရေးသားထားသည်။

ရဲအရာရှိများအဖြစ် ဟန်ဆောင်ကာ မြန်မာနိုင်ငံသားများထံမှ ငွေလိမ်လည်ခိုးယူခဲ့သော ထိုင်းနိုင်ငံသား ၅ ဦးကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ပြီး မြန်မာနိုင်ငံသားများကလည်း ၎င်းတို့ဖြစ်ကြောင်း အတည်ပြုခဲ့ပြီးနောက် ဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ဘန်ကောက်မြို့ရှိ မော်ချစ်အဝေးပြေးကားဝင်းတွင် ထိုင်းရဲအရာရှိများအဖြစ် ဟန်ဆောင်ကာ မြန်မာနိုင်ငံသားများထံမှ ငွေညှစ်တောင်းခံမှုများ ဆက်တိုက်ကြားသိနေကြရသဖြင့် သတိထားကြရန် မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူများက သတိပေးထားသည်။

Ref: Khaosod Online, Daily News