တနင်္သာရီ၊ ဘန်လောရွာတွင် တိုက်ပွဲဖြစ်၍ ဒေသခံများ စစ်ဘေးရှောင်

0
2920

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဘန်လောကျေးရွာတွင် တိုက်ပွဲဖြစ်ပွားနေ၍ ဒေသခံများ စစ်ဘေးရှောင်နေရကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်းတွင် အနည်းငယ်ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး နေ့လယ်ပိုင်းတွင် ပိုမိုပြင်းထန်ကြောင်း ဒေသခံများကပြောသည်။

“ပစ်ခတ်မှုက မနေ့ကတည်းကစဖြစ်တာ မနေ့က ၅ မိုင်၊၆ မိုင်ဘက်မှာဖြစ်ပြီး ဒီကနေ့ဘန်လောဘက် ရောက်လာတယ်”ဟု ဘန်လောဒေသခံအမျိုးသား ကပြောသည်။

စစ်ကောင်စီတပ်က မနေ့ကတည်းက လက်နက်ကြီးဖြင့်ပစ်ကာ ၎င်းတို့၏ တပ်ရှိရာသို့ ရိက္ခာပို့ရန် ရောက်ရှိလာပြီး ယနေ့အပြန်တွင်လည်း ထိတွေ့တိုက်ပွဲဖြစ်ပွါးခဲ့သည်ဟု ဒေသခံများကပြောသည်။

“ရွာသားတွေကတော့ မနေ့ကတည်းက အကုန်ပြေးကုန်ကြပြီ”ဟု ဒေသခံနောက်တစ်ဦး ကပြောသည်။

မနေ့ကတိုက်ပွဲတွင် စစ်ကောင်စီတပ်က ပစ်လိုက်သည့် လက်နက်ကြီးကျည်ကျရောက်ပြီး ပြည်သူ့ကာကွယ်ရေးဘက်မှ ရဲဘော်တစ်ဦးဒဏ်ရာရကာ တစ်ဦးကျဆုံးခဲ့သည်ဟုကြားသိရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်နှင့် နီးစပ်သည့် အမျိုးသား ကပြောသည်။

ပြည်သူ့ကာကွယ်ရေး တပ်ဘက်က ယနေ့ည ၆ နာရီတွင် ပစ်ခတ်မှုရပ်နားပြီးသော်လည်း စစ်ကောင်စီဘက်ကမူ ည ၇ နာရီအထိ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသေးသည်ဟု ဒေသခံများကပြောသည်။

တိုက်ပွဲအတွင် နှစ်ဖက်ထိခိုက်ကျဆုံးမှုကိုမူ မသိရသေးပေ။

ဖေဖော်ဝါရီ ၁၇ ရက်နေ့ နံနံက်ကလည်း မြိတ်မြို့နယ်၊တုံးဗျောကျေးရွာရှိ စစ်ကောင်စီ ဂိတ်စခန်းတစ်ခုကို ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်များ ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီဘက်မှ ၂ ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ပြီး သေနတ်တစ်လက်လည်း ရရှိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်မှ ထုတ်ပြန်ထားသည်။