တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
2595

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မှ ၁၈ ရက်နေ့အထိ

အာဏာသိမ်းမှုကြောင့် ငြိမ်းချမ်းရေးရပ်ပြီး ပိုကျယ်ပြန့်သည့်ပြည်တွင်းစစ်ပုံစံသစ်သို့ ဦးတည်သွားပြီ

မြန်မာနိုင်ငံတွင် အရှိန်ရနေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အာဏာသိမ်းမှုကြောင့် ရပ်ဆိုင်းသွားသည့်အပြင် ပိုမိုကျယ်ပြန့်သည့် ပြည်တွင်းစစ်ပုံသဏ္ဍာန်အသစ်သို့ ဦးတည်နေပြီဟု စစ်ကောင်စီနှင့် ငြိမ်းချမ်းရေးဆွေးနွေးနေသည့် အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့က ပြောသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်ကော်မတီ (PPST) ၏ ပြည်ထောင်စုနေ့ သဝဏ်လွှာတွင် ဖော်ပြခြင်းဖြစ်သည်။

အရှိန်ရနေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် နိုင်ငံရေးဆွေးနွေးပွဲများ ရပ်ဆိုင်းသွားပြီး အာဏာသိမ်းမှု အကျိုးဆက်ကြောင့် နိုင်ငံတကာက အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများအပါအဝင် အထွေထွေအကျပ်အတည်းများ နှင့် ရင်ဆိုင်နေရကြောင်း ဆိုသည်။

ပိုမိုကျယ်ပြန့်သည့် ပြည်တွင်းစစ်ပုံသဏ္ဍာန်အသစ်သို့ ဦးတည်နေပြီး တိုင်းပြည်မှာ အချိန်ကြာရှည်နိုင်သည့် နိုင်ငံရေးအကျပ်အတည်းထဲသို့ သက်ဆင်းနေကြောင်းလည်း ဖော်ပြသည်။

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန်အရေးတကြီးလိုအပ်နေပြီဟု ဆိုသည်။

စစ်ကောင်စီနှင့် ငြိမ်းချမ်းရေး မဆွေးနွေးသည့် ကရင်အမျိုးသားအစည်းအရုံး KNU၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF၊ ချင်းအမျိုးသားတပ်ဦး CNF တို့မှာ PPSTတွင် ပါဝင်ခြင်း မရှိတော့ပေ။

………………………………..

တစ်လအတွင်း လေကြောင်းတိုက်ခိုက်မှုအကြိမ် ၆ဝနီးပါးရှိကြောင်း KNU ပြော

ပုံစာ – လေကြောင်းတိုက်ခိုက်မှုကြောင့် မီးလောင်ပျက်စီးမှု။

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ နှစ်ခုအတွင်း စစ်ကောင်စီတပ်က ဇန်နဝါရီလတွင် လေကြောင်းတိုက်ခိုက်မှု ၅၇ ကြိမ်ရှိခဲ့ကြောင်း KNU က ထုတ်ပြန်သည်။

တပ်မဟာ ၅ နှင့် တပ်မဟာ ၆ နယ်မြေများသို့ တိုက်ခိုက်ရေးသုံးလေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဗုံးအလုံးရေ ၂၀၈ လုံးထက်မနည်းချခဲ့ကာ အော်လီဂန်းများဖြင့် အချက်ရေ သုံးသောင်းထက်မနည်း ပစ်ခတ်ခဲ့ကြောင်း ဖော်ပြသည်။

ယင်းသို့ တိုက်ခိုက်မှုကြောင့် ၁နှစ်နှင့် ၂နှစ်အရွယ် ကလေးငယ်နှစ်ဦး၊ နှစ်ခြင်းခရစ္စယာန် သင်းအုပ်ဆရာတစ်ဦး၊ ကက်သလစ်ခရစ္စယာန်ဓမ္မဆရာတစ်ဦး၊ အရပ်သားပြည်သူ ကိုးဦး စုစုပေါင်း ၁၃ဦး သေဆုံးခဲ့ကြောင်း ဖော်ပြသည်။

နေအိမ်အလုံး ၆၀ နီးပါး ပျက်စီးခဲ့ပြီး မူလတန်း၊ အလယ်တန်းကျောင်း နှစ်ကျောင်း၊ သာသာရေးအဆောက်အအုံ ခြောက်လုံး၊ ဆေးရုံနှင့် ပြည်သူပိုင်အဆောက်အအုံများလည်း ပျက်စီးသည်ဟု ဆိုသည်။

ဖေဖော်ဝါရီလ ၁၄ရက်နှင့် ၁၅ ရက်တို့တွင်လည်း တိုက်လေယာဉ် ခြောက်စင်းဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် စာသင်ကျောင်းများ၊ လူနေအိမ်အများ မီးလောင်ပျက်စီးခဲ့သေးကြောင်း ဖော်ပြသည်။

………………………………..

ခုန်တက်လာသည့် ဆန်ဈေး

မိုးစပါးပေါ်ပြီး ဆန်သစ်များဈေးကွက်ထဲသို့ ဝင်လာပြီဖြစ်သော်လည်း ဖေဖော်ဝါရီလဆန်းပိုင်းမှစတင်ကာ ပြည်တွင်းတွင် ဆန်ဈေးနှုန်းများ မြင့်တက်နေသည်။

ဆန်အမျိုးအစားအပေါ်မူတည်ကာ တစ်အိတ်လျှင် ကျပ်သောင်းဂဏန်းအထိ ဈေးနှုန်းမြင့်တက်လာသည်ဟု ဈေးကွက်အတွင်းမှ သိရသည်။

ယခုနှစ်တွင် ဒေသမတည်ငြိမ်မှု၊ လယ်ယာသွင်းအားစုများ ဈေးအဆမတန်ခုန်တက်သွားမှုတို့ကြောင့် စပါးစိုက်ဧက များ လျော့ကျသွားပြီး စပါးအထွက်နည်းသွားချိန် ပြည်ပသို့ ဆန်တင်ပို့မှုကလည်း မြင့်တက်နေသည်။ ထို့ကြောင့် ဆန်စပါးဈေးများ မြင့်တက်နေသည်ဟု ဆိုသည်။

၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တန်ချိန် နှစ်သန်းတင်ပို့နိုင်ရန် ရည်မှန်းထားသည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဖေဖော်ဝါရီလ ၁၂ရက်က ထုတ်ပြန်ထားပြီး ဖေဖော်ဝါရီနှင့် မတ်လအတွင်း တန်ချိန်သုံးသိန်း တင်ပို့နိုင်ရန် ရည်မှန်းလုပ်ဆောင်နေသည်ဟုဆိုသည်။

ယင်းအပြင် ဆန်စပါး ဝယ်လှောင်သူများကြောင့်လည်း ဈေးတက်သည်ဟု ဆန်ကုန်သည်အချို့က ပြောဆိုထားသည်။

………………………………..

မြန်မာပြည်သူများအတွက် အမေရိကန်က ဒေါ်လာသန်း ၅၀ ထောက်ပံ့မည်

ပုံစာ – မကွေးတိုင်း ဆိပ်ဖြူမြို့နယ်က စစ်ဘေးရှောင်ကြသူများ။

မြန်မာပြည်သူများအတွက် အမေရိကန်ပြည်ထောင်စုက လူသားချင်းစာနာမှုဆိုင်ရာအကူအညီ ဒေါ်လာသန်း ၅၀ ထပ်မံထောက်ပံ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံးက ဖေဖော်ဝါရီလ ၁၅ ရက်က ထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် တိုးမြင့်လာသည့်နေရပ်စွန့်ခွာရမှုများ၊ လက်နက်ကိုင်ပဋိပက္ခများနှင့် စားနပ်ရိက္ခာ ပိုမိုရှားပါးလာမှု များအတွက် အရေးပေါ်စားနပ်ရိက္ခာနှင့် အာဟာရအထောက်အပံ့များအတွက် ထောက်ပံ့သွားမည်ဟု ဖော်ပြသည်။

ယင်းအကူအညီကို အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) မှတစ်ဆင့် ထောက်ပံ့မည်ဖြစ်သည်။

ကမ္ဘာ့ကုလသမဂ္ဂက ထုတ်ပြန်သည့် လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်များအပေါ် ခြုံငုံသုံးသပ်ချက်အရ မြန်မာ နိုင်ငံတွင် လူဦးရေ ၁၇ သန်းကျော် လူသုံးဦးလျှင် တစ်ဦးမှာ လူသားချင်းစာနာမှုဆိုင်ရာအထောက်အပံ့များကို လိုအပ်နေသည်။

USAID သည် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်နှင့်အတူ ပဋိပက္ခဖြစ်ပွားလျက်ရှိသော ပြည်နယ်များမှ အသက် ငါးနှစ်အောက် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များအပါအဝင် လူပေါင်း ၇၅၀,၀၀၀ ကျော်ကို အာဟာရချို့တဲ့မှု ကုစားရန်နှင့် ကာကွယ်ရန် ကူညီနိုင်မည်ဖြစ်ကြောင်း ဖော်ပြသည်။

………………………………..

ကသာ၊ အင်းကြီးရွာတွင် ရုပ်အလောင်းခုနစ်လောင်းတွေ့

စစ်ကိုင်းတိုင်း ကသာမြို့နယ် အင်းကြီးရွာတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် ပြန်ထွက်သွားပြီးနောက် လူငယ်အမျိုးသား ရုပ်အလောင်းခုနစ်လောင်းကို တွေ့ရှိရကြောင်း ဒေသခံများ၏ ပြောဆိုချက်ကို ကိုးကားကာ ပြည်တွင်းသတင်းအချို့တွင် ဖော်ပြသည်။

ဖေဖော်ဝါရီလ ၁၁ရက်မှ ၁၄ ရက်အထိ စစ်ကြောင်းထိုးချိန်တွင် အင်းကြီးအပါအဝင် အနီးဝန်းကျင်က ကျေးရွာငါးရွာက နေအိမ်များ မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ဖော်ပြသည်။ ရုပ်အလောင်းများမှာ ဒေသခံများမဟုတ်ဟုလည်း ဆိုသည်။

စစ်ကြောင်းထိုးချိန် ဒေသခံ သုံးထောင်ကျော် ဘေးလွတ်ရာတိမ်းရှောင်ခဲ့ကြရပြီး အများစုမှာ နေရပ်မပြန်ရဲကြသေးကြောင်း ဆိုသည်။

………………………………..

အရပ်သားသေဆုံးဒဏ်ရာမှုများသည့် ညောင်လေးပင်ဘူတာဗုံးကွဲမှု

ပဲခူတိုင်း ညောင်လေးပင်မြို့က မီးရထားဘူတာရုံ အမှတ် (၁) စင်္ကြံပလပ်ဖောင်းတွင် ဗုံးပေါက်ကွဲမှုကြောင့် ခရီးသွားအရပ်သားပြည်သူ သုံးဦးသေဆုံးပြီး ၁၀ဦးဝန်းကျင် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးမှာ အခင်းဖြစ်နေရာတွင် သေဆုံးပြီး နောက်ထပ်အမျိုးသမီးတစ်ဦးမှာ ဆေးရုံတွင် သေဆုံးသွားခြင်းဖြစ်သည်။ ဗုံးဖောက်ခွဲမှုကို မည်သူတို့က လုပ်ဆောင်သည်ကို မသိရသေးပေ။

အာဏာသိမ်းပြီးနောက် ရန်ကုန် အပါအဝင် နေရာအချို့တွင်လည်း အများပြည်သူခရီးသွားလာသည့် ကားမှတ်တိုင်၊ သင်္ဘော စသည်နေရာတို့တွင် ဗုံးပေါက်ကွဲမှုကြောင့် ခရီးသွားပြည်သူများ ထိခိုက်သေဆုံးသည့် ဖြစ်စဉ်များရှိခဲ့သည်။

………………………………..

ဒေါက်တာစင်သီယာမောင် ထိုင်းနိုင်ငံသားခံယူရန်လျှောက်ထား

ထိုင်း-မြန်မာနယ်စပ်တွင် မယ်တော်ဆေးခန်းတည်ထောင်ကာ နှစ်ပေါင်း ၃၀ကျော်ကြာ မြန်မာဒုက္ခသည်များနှင့် ရွှေ့ပြောင်းအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်ပေးနေသည့် ဒေါက်တာစင်သီယာမောင်သည် ထိုင်းနိုင်ငံသားအဖြစ်ခံယူရန် လျှောက်ထားလိုက်ပြီဖြစ်သည်။

ဖေဖော်ဝါရီလ ၁၅ ရက်တွင် မဲဆောက်ခရိုင်ရုံးသို့ သွားရောက်လျှောက်ထားခဲ့ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံသားကတ် ကိုင်ဆောင်ခြင်းက ကျန်းမာရေးစောင့်ရှောက်ရေးလုပ်ငန်းအတွက် နိုင်ငံတကာနှင့် ထိုင်းအဖွဲ့အစည်းများထံမှ အကူအညီများစွာရရှိနိုင်သောကြောင့် ဖြစ်သည်။

ကရင်လူမျိုးဖြစ်သူ ဒေါက်တာစင်သီယာမောင်သည် ၁၉၈၈ ခုနှစ် အရေးတော်ပုံတွင် မြန်မာနိုင်ငံမှ ထွက်ခွာလာခဲ့ပြီး လက်ရှိတွင် အသက် ၆၃နှစ်အရွယ် ရှိနေပြီဖြစ်သည်။ မယ်တော်ဆေးခန်းကို ၁၉၈၉ ခုနှစ်မှစ၍ ထိုင်းနိုင်ငံ တာခ့်ခရိုင် မဲဆောက်ဒေသနယ်စပ်တွင် တည်ထောင်ဖွင့် လှစ်ခဲ့သည်။

မယ်တော်ဆေးခန်းသည် ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် လူနာ သုံးသောင်းခန့်ကို ကုသပေးနေပြီး ၃၄ နှစ်အတွင်း ထိုင်းအစိုးရထံမှ ထောက်ပံငွေမယူဘဲ ဘတ် ၁ ဒသမ ၈ ဘီလီယံကျော်ကို သုံးစွဲကာ လူနာပေါင်း တစ်သန်းကျော်ကို ဆေးခန်းက ကုသပေးနိုင်ခဲ့သည်။

မဲဆောက်ဒေသအတွင်းရှိ ဒုက္ခသည်ကလေးများ ပညာဆက်လက်သင်ယူနိုင်ရန် ကလေးသူငယ်ဖွံ့ဖြိုးရေး စင်တာ ကိုလည်း ဖွင့်လှစ်ထားပြီး ကရင်၊ ဗမာ၊ ထိုင်းနှင့် အင်္ဂလိပ်သင်ရိုးများကို အသုံးပြုသင်ကြားနေသည်။

ယင်းသို့ လူသားအကျိုးပြုလုပ်ငန်များ ကြိုးပမ်းလုပ်ဆောင်မှုကြောင့် ဒေါက်တာစင်သီယာမောင်သည် ၂၀၂၂ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံက ချီးမြှင့်သည့် ဂွမ်ဂျူးလူ့အခွင့်အရေးဆုကို ရရှိခဲ့သည်။

………………………………..

မြန်မာ့ကျောက်မျက်သပိတ်မှောက်ရန် ကမ္ဘာကျော်အဆိုတော်ရီဟားနား တိုက်တွန်းခံရ

Super Bowl ရှိုးပွဲမှာ ဖျော်ဖြေစဉ် ကမ္ဘာကျော် အဆိုတော်ရီဟားနား ဝတ်ဆင်ခဲ့သည့် လက်စွပ်မှာ မြန်မာ့ပတ္တမြား လက်စွပ်ဖြစ်ကြောင်း Justice for Myanmar က ထုတ်ပြန်သည်။

ရီဟားနားအနေဖြင့် မြန်မာပြည်သူများနှင့်အတူ ရပ်တည်ကာ မြန်မာ့ကျောက်မျက်ဒဏ်ခတ်ပိတ်ဆို့မှုကို အားပေးထောက်ခံသင့်ကြောင်း တိုက်တွန်းထားသည်။

ယင်းလက်စွပ်မှာ နယူးယောက်မြို့တော်အခြေစိုက် Bayco Jewels LLC က လုပ်ထားခြင်းဖြစ်ပြီး အမေရိကန်ဒေါ်လာ တစ်သန်းတန်ဖိုးရှိကာ ပလက်တီနမ်၊ ၅ ဒသမ ၆၆ ကာရက်ရှိ စိန်များနှင့် ၁၈ ကာရက်ရှိ ရွှေဝါတို့ဖြင့် ပြုလုပ်ထား ကြောင်း ဖော်ပြသည်။

ပတ္တမြားတူးဖော်ရေးလုပ်ငန်းသည် မြန်မာစစ်ကောင်စီအတွက် ဘဏ္ဍာငွေရှာဖွေပေးနေသည့် အရေးပါသည့် လုပ်ငန်း ဖြစ်ကြောင်း ဖော်ပြသည်။ သို့သော် အမေရိကန်ကျောက်မျက်အရောင်းဆိုင်များကမူ မြန်မာနိုင်ငံက ထွက်သည့် ပတ္တမြား၊ ကျောက်စိမ်းအပြင် အခြားကျောက်မျက်ပစ္စည်းများနှင့် ပြုလုပ်သည့် လက်ဝတ်ရတနာများကို ဆက်လက် ရောင်းချနေကြဆဲဖြစ်ကြောင်း ထောက်ပြထားသည်။

အမေရိကန်ပြည်ထောင်စုက မြန်မာ့ကျောက်မျက်လုပ်ငန်းကို ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ထားသော်လည်း ကျောက်မျက် တင်သွင်းမှုကို ပိတ်ပင်ခြင်းမျိုးမရှိခဲ့ဘဲ ရောင်းဝယ်မှုများ ဆက်လုပ်ခွင့်ပေးထားသည်ဟုဆိုသည်။

ထို့ကြောင့် အဆိုတော်ရီဟားနားအနေဖြင့် မြန်မာ့ကျောက်မျက်များကို သပိတ်မှောက်ပြီး မြန်မာပြည်သူတွေနှင့်အတူ ရပ်တည်ရန် JFM က တောင်းဆိုထားသည်။

………………………………..

မိုးသီးကြွေပြီး လေပြင်းတိုက်ခဲ့သည့် အခါလွန်မိုး

ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် ဖေဖော်ဝါရီလ ၁၇ရက်က အချိန်အခါမဟုတ် မိုးရွာသွန်းပြီး မိုးသီးကြွေခြင်း၊ လေပြင်းတိုက်ခတ်ခြင်းတို့ကြောင့် ပျက်စီးမှုများရှိခဲ့သည်။

ရန်ကုန်တွင် လေပြင်းတိုက်ကာ မိုးရွာသွန်းပြီး အချို့နေရာတွင် မိုးသီးကြွေခဲ့သည်ဟု ဆိုသည်။ လေပြင်းကြောင့် သင်္ဃန်းကျွန်း၊ မင်္ဂလာတောင်ညွန့်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) ၊ တိုက်ကြီးမြို့နယ်တို့တွင် သစ်ပင်လဲကျခြင်းများ ရှိခဲ့သည်။

ရှမ်းပြည်နယ် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့တွင်လည်း မိုးသည်းထန်စွာပြီး မိုးသီးကြွေခဲ့သည်။

လွိုင်ကော်နှင့် ဘောလခဲ၊ တောင်ငူ၊ ငါးသိုင်းချောင်းမြို့နယ်တို့တွင် မိုးရေချိန် စံချိန်သစ်တင်ခဲ့သည်။ ပဲခူးတိုင်း မိုးညိုနှင့် မင်းလှမြို့နယ်တို့တွင် မိုးသည်းထန်စွာရွာပြီး လေပြင်းတိုက်ခိုက်မှုကြောင့် နေအိမ်အမိုးလှန် ပြိုကျပျက်စီး မှုများ ရှိခဲ့သည်။

………………………………..

မီးလောင်မှုကြောင့် တိုက်ရှေ့သံပန်းက တွယ်ဆင်းရသူများ

ရန်ကုန်၊ မန္တလေးအပါအဝင် နိုင်ငံတဝန်းတွင် မီးလောင်မှုများ မြင့်တက်လာပြီး လူထိခိုက်သေဆုံးသည့် ဖြစ်စဉ်များလည်းရှိနေသည်။

ဖေဖော်ဝါရီလ ၁၅ ရက်က မွန်းလွဲပိုင်းက ရန်ကုန် မင်္ဂလာတောင်ညွန့်မြို့နယ် ၁၂၂ လမ်းက ရှစ်ထပ်တိုက်၏ ငါးလွှာတိုက်ခန်းတစ်ခုတွင် မီးလောင်ခဲ့သည်။

မီးလောင်မှုကြောင့် အပေါ်ကအခန်းများ၊ ဘေးတိုက်တို့က ပြည်သူများ သံပန်းများကို တွယ်ဆင်းကာ ဘေးလွတ်ရာ တိမ်းရှောင်ခဲ့ကြရသည်။ ယင်းဖြစ်ရပ်တွင် အသက်ရှုကြပ်သူ ခြောက်ဦးမှာ ဆေးကုသမှု ခံယူခဲ့ကြရသည်။

………………………………..