ထားဝယ်၊ သင်္ကန်းတုံးရွာတွင် နေအိမ်မီးရှို့ခံရ၊ လက်နက်ကြီးကျ၍ ကလေးတစ်ဦး ဒဏ်ရာရ

0
2708

တိုက်ပွဲဖြစ်ပွားနေသည့် ထားဝယ်အရှေ့တောဒေသ ပကာရီကျေးရွာအုပ်စု၊ သင်္ကန်းတုံးရွာမှ နေအိမ်တချို့ မီးရှို့ခံရကြောင်း ဒေသခံအချို့က ပြောသည်။

ယနေ့(ဖေဖော်ဝါရီ ၁၈) နေ့လယ်ပိုင်းခန့်က မီးရှို့ခံရခြင်းဖြစ်ပြီး ကျေးရွာစာသင်ကျောင်းဘေးပတ်လည်မှ နေအိမ်နှစ်လုံးနှင့် ကျေးလက်ကျန်းမာရေးဌာနဆေးပေးခန်းတို့ မီးလောင်ခဲ့ကြောင်း သင်္ကန်းတုံးရွာမှ ဒေသခံအချို့က ပြောသည်။

စာသင်ကျောင်းပတ်လည်ကို အုတ်တံတိုင်းကာထားသဖြင့် အဝေးကမြင်ရသည့် အနေအထားအရ ကျောင်းကိုမီးစွဲလောင်ခြင်းမရှိသေးဟု သင်္ကန်းတုံးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“စစ်ကြောင်းပြန်ထွက်ချိန်မှာ ရှို့ခဲ့တာ” ဟု ၎င်းက ပြောသည်။

အိမ်များ မီးလောင်နေသည်ကို စစ်ဘေးရှောင်နေသည့် ရွာသားအချို့က တောထဲမှမြင်နေရသော်လည်း မီးလာငြှိမ်းသူများကို ကင်းပုန်းဝပ်ကာ ပစ်ခတ်သတ်ဖြတ်မည်စိုးသဖြင့် မည်သူမျှ မီးသွားမငြှိမ်းရဲကြဟု ဒေသခံအချို့က ဆိုသည်။

မီးငြိမ်းသတ်သူမရှိသဖြင့် ယနေ့ ည ၆ နာရီခွဲအထိ မီးစွဲနေသေးပြီး နောက်ထပ် အိမ်ဘယ်နှစ်လုံး မီးလောင်သည်ဆိုသည်ကိုမူ မသိရသေးကြောင်း အထက်ပါအမျိုးသမီးက ပြောသည်။

“အခုထိမီးမငြိမ်းသေးဘူး၊ ဆက်လောင်နေသေးတယ်၊ သွားလည်း သွားကြည့်မရဲဘူး၊ သွားလည်း သွားမငြှိမ်းသတ်ရဲဘူး၊ အခု စကစတွေက လိပ်ကြယ်ပြောင်ရွာကိုရောက်သွားပြီ၊ ကင်းပုန်းတွေဘာတွေ ဝပ်နေမှာစိုးလို့ ရွာသားတွေလည်း သွားမငြှိမ်းရဲကြဘူး” ဟု ၎င်းက ဆိုသည်။

ယနေ့ နေ့လယ် ၁ နာရီခွဲနှင့် ၂ နာရီကြားတွင် မိနစ် ၂၀ ကြာ လက်နက်ကြီး လက်နက်ငယ်များနှင့် နှစ်ဖက်ပစ်ခတ်သံများ ကြားခဲ့ရသည်ဟု သင်္ကန်းတုံးရွာသားတချို့က ဆိုသည်။

ထားဝယ်အရှေ့တောဒေသကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့တည်းက စစ်ကောင်စီတပ်စစ်ကြောင်း ရောက်ရှိလာခြင်းဖြစ်ပြီး ရောက်ရှိလာစဉ်ကတည်းက လက်နက်ကြီးများနှင့် ပစ်ခတ်မှုများပြုလုပ်ခဲ့သည်ဟု ဝကုန်းရွာနှင့် သင်္ကန်းတုံးရွာမှ ဒေသခံအချို့က ပြောသည်။

လက်နက်ကြီးနှင့်ပစ်ခတ်မှုကြောင့်ရမ္မဇူကျေးရွာမှ ၄ နှစ်ခန့်အရွယ် ကလေးငယ်တစ်ဦး ခြေထောက်တွင် လက်နက်ကြီးကျည်ထိမှန်၍ ဖေဖော်ဝါရီ ၁၇ ရက်နေ့ကတည်းက ထားဝယ်ဆေးရုံကို ပို့ထားရကြောင်း ဒေသခံအချို့က ပြောသည်။

အခြားကလေးငယ်နှစ်ဦးမှာလည်း ထိခိုက်ဒဏ်ရာ အနည်းငယ်စီရရှိခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေမှုကြောင့် ဥယာဉ်ခြံများလည်း မီးစွဲလောင်မှုများဖြစ်ပေါ်နေသည်ဟု ဒေသခံအချို့က ပြောသည်။

ဖေဖော်ဝါရီလ ၁၆ ရက်က ဝကုန်းရွာလယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ မိနစ် ၃၀ ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၁၇ ရက်နေ့တွင် ဝကုန်းနှင့် သင်္ကန်းတုံးရွာကြားရှိ ဗဲ့မတပ်တောင်ကြောတွင် ၁ နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံအချို့နှင့် ပြည်သူ့ကာကွယ်ရေးတပ်၏ ထုတ်ပြန်မှုအရသိရသည်။