လယ်သစ်ရွာ လက်နက်ကြီးဖြင့် ပစ်ခတ်ခံနေရ

0
2468

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ လယ်သစ်ရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကတည်းက စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် ယနေ့ နံနက်တွင် လယ်သစ် အနောက်ကမ်းအနီး တောအုပ်အတွင်းရောက်ရှိလာပြီး ရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်နေကြောင်း ဒေသခံတို့က ပြောသည်။

“ဆယ်နာရီကျော်လောက်က စပစ်နေတာ။ လက်နက်ကြီး အလုံးနှစ်ဆယ်လောက်ရှိပြီ။ ဒီဖက် (ပြည်သူ့ကာကွယ်ရေးတပ်) က ပြန်ပြီးပစ်သံတော့ မကြားရသေးဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

လက်နက်ကြီးကျည်များ လယ်သစ်အနောက်ကမ်းရွာသို့ ကျရောက်နေပြီး ထိခိုက်ပျက်စီးမှု အခြေအနေကိုမူ မသိရသေးကြောင်း ဒေသခံများက ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီတပ်မှာ ရှေ့သို့ဆက်မတိုးသေးဘဲ ယနေ့ ညနေပိုင်းအထိ လယ်သစ်အနောက်ကမ်းအနီး တောအုပ်အတွင်း ရှိနေဆဲဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ညဖက်တော့ သတိထားရမယ့်အခြေအနေရှိတယ်” ဟု ၎င်းက ပြောဆိုသည်။

ဒေသခံရွာသားများမှာ စစ်ကြောင်းထိုးလာသည့် ဖေဖော်ဝါရီလ ၁၂ ရက်ကတည်းကပင် တောတောင်အတွင်း ကြိုတင်ရှောင်တိမ်းနေကြကြောင်း ၎င်းတို့ထံမှသိရသည်။

ယခင်ကလည်း တနင်္သာရီမြို့နယ်ရှိ လယ်သစ်ရွာသို့ စစ်ကောင်စီတပ်များ မကြာခဏစစ်ကြောင်းထိုးလေ့ရှိပြီး နှစ်ဖက်တိုက်ပွဲများလည်း အကြိမ်ကြိမ်ဖြစ်ခဲ့ဖူးသည်။

တိုင်းအတွင်း တနင်္သာရီနှင့် ပုလောမြို့နယ်ကို စစ်ကောင်စီက ဖေဖော်ဝါရီ ၂ ရက်နေ့တွင် စစ်အုပ်ချုပ်ရေး ကြေညာထားပြီးနောက် စစ်ကြောင်းထိုးမှုများ ဆက်တိုက်ရှိလာခဲ့သည်။