ကဒဲရွာစီးနင်းခံရမှုတွင် ကျဆုံးသူမရှိဟု PDF ပြော၊ အဖမ်းခံရသူ ၁၃ဦး ကယ်နိုင်ခဲ့သည်ဟု စစ်ကောင်စီဆို

0
2919
ပုံစာ − စစ်ကောင်စီက ကယ်ထုတ်ခဲ့သူ ၁၃ ဦး

ပုလောမြို့နယ် ကဒဲရွာစီနင်းတိုက်ခိုက်ခံရမှုတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ဘက်က ကျဆုံးသူမရှိကြောင်း ပြောဆိုပြီး စစ်ကောင်စီဘက်ကမူ ဖမ်းဆီးခံထားရသူ ၁၃ဦးကို ကယ်တင်နိုင်ခဲ့သည်ဟု ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၆ ရက်က ကဒဲရွာသို့ စစ်ကောင်စီတပ်က အင်အားသုံးဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာမှ နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့၍ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ဆုတ်ခွာပေးခဲ့ရသည်။

ယင်းတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ငါးဦးကျဆုံးကာ သေနတ်သုံးလက်အပါအဝင် ဆက်စပ်ပစ္စည်း များ သိမ်းဆည်းရမိကြောင်း စစ်ကောင်စီဘက် ထောက်ခံရေးသားလေ့ရှိသူများက လူမှုကွန်ရက်တွင် ရေးသားဖြန့်ဝေခဲ့ကြသည်။

မြိတ်ခရိုင်၊ တပ်ရင်း (၁) ၊ ပုလောပြည်သူ့ကာကွယ်ရေတပ်မတော် (PPDF) ပြန်ကြားရေးဌာနကမူ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ကျဆုံးသူမရှိဘဲ တစ်ဦးသာ ထိခိုက်ဒဏ်ရာရကြောင်း တုံ့ပြန်ထားသည်။

“ကျွန်တော်တို့ဘက်က အကျအဆုံးမရှိပါဘူး။ ရဲဘော်တစ်ဦးပဲ အနည်းငယ်ထိခိုက်ဒဏ်ရာရသွားတယ်” ဟု အဆိုပါဌာနမှ တာဝန်ခံက ပြောသည်။

PPDF က ထိန်းသိမ်းထားသူ ၁၃ ဦးလွတ်မြောက်သွားခြင်းမှာမူ မှန်ကန်ကြောင်း ပြောဆိုသည်။

တနင်္သာရီတိုင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးတစ်ဦးကလည်း ကဒဲရွာတိုက်ပွဲအပြီးတွင် နေအိမ်တစ်ဆောင်တွင် တံခါးပိတ်ဖမ်းဆီးထားသူ ၁၃ ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း ပြောသည်။

ဖမ်းဆီးထားသူများကို စစ်ကောင်စီဘက်ကမူ အထူးတပ်ဖွဲ့ဖြင့် သွားရောက်ကယ်ထုတ်ခြင်းဖြစ်ကြောင်း ဆိုသည်။

“သူတို့ (ပြည်သူ့ကာကွယ်ရေးအဖွဲ့) က ဖမ်းထားတယ်ဆိုတာ သတင်းရတော့ တပ်မတော်က အထူးတပ်ဖွဲ့နဲ့ သွားကယ်ထုတ်လာတာ” ဟု အထက်ပါဝန်ကြီးက ပြောဆိုသည်။

၎င်းတို့အား မည်သည့်အတွက် ဖမ်းဆီးထားသည်ကိုမူ မသိရပေ။

ယခင်ကမူ ပြည်ထောင်စုလမ်းပိုင်းတွင် ဖမ်းမိသူများနှင့်ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်လေ့ရှိသော်လည်း ယခု လွတ်မြောက်သွားသူ ၁၃ ဦးနှင့် ပတ်သတ်ပြီးမူ ထုတ်ပြန်ထားခြင်း မရှိပေ။

လွတ်မြောက်သွားသူများအထဲတွင် စစ်မှုထမ်းဟောင်းတစ်ဦး၊ အင်ဂျင်နီယာတစ်ဦး၊ ကျောင်းဆရာမတစ်ဦး၊ ဆောက်လုပ်ရေးဦးစီးဌာန အငြိမ်းစားအရာရှိတစ်ဦးနှင့် ဥယျာဉ်ခြံအလုပ်သမား၊ ရေလုပ်သားများအပါအဝင် သာမန်ပြည်သူ ကိုးဦးပါဝင်ကြောင်း တနင်္သာရီတိုင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးက ပြောဆိုသည်။

၎င်းတို့ ၁၃ ဦးသည် ထားဝယ်-ပုလော-မြိတ် ပြည်ထောင်စုလမ်းအတိုင်း ခရီးသွားရာမှ အဖမ်းခံရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဖမ်းဆီးခံရသူတို့အထဲတွင် လနှင့်ချီကြာထိန်သိမ်းခံရသူများလည်းပါဝင်ပြီး ရက်ပိုင်းမျှသာ ထိန်းသိမ်းခံရသူတို့လည်း ပါဝင်သည်။