ပုလောတွင် လက်နက်ကြီးကျည်ကျ၍ ရွာသားငါးဦးဒဏ်ရာရ တစ်ဦးပြင်းထန်

0
2728

မြိတ်ခရိုင်၊ပုလောမြို့နယ်၊ မြဒေါင်ရွာနှင့်သီတာအိုင်ရွာတို့တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ရွာသားဦးငါးဦး ဒဏ်ရာရကာ တစ်ဦးမှာဒဏ်ရာပြင်းထန်ကြောင်း ဒေသခံများထံမှသိရသည်။

ပုလောမြို့နယ်၊မြဒေါင်ကျေးရွာတွင် မနေ့က အမျိုးသားနှစ်ဦး ထိမှန်ခဲ့ပြီး တစ်ဦးမှာစိုးရိမ်ရသည့် အနေအထားဖြစ်နေသည်ဟု ဒေသခံများကပြောသည်။

“နေလင်းဆိုတဲ့တစ်ယောက်က လက်နဲ့ခြေမှာ ဒဏ်ရာရတယ်။ နောက်တစ်ဦးက ရင်ဘတ်မှာထိသွားပြီး ဒဏ်ရာပြင်းထန်တယ်လို့ သိရတယ်”ဟု ဒေသခံအမျိုးသား ကပြောသည်။

ဒဏ်ရာရသူနှစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်မှ ဆေးကုရန်ခေါ်ဆောင်သွားကြောင်း ဒေသခံများ ကပြောဆိုသည်။

ယင်းအပြင် သီတာအိုင်ရွာတွင်လည်း လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အမျိုးသမီးတစ်ဦးနှင့်ကလေးနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဒေသခံများကပြောသည်။

“အမျိုးသမီးက လက်ဖြတ်လိုက်ရတယ်။ ကလေးနှစ်ယောက်လည်း ဒဏ်ရာရတယ်”ဟု ဒေသခံနောက်တစ်ဦး ကပြောသည်။

ယနေ့စစ်ကောင်စီတပ်က မြဒေါင်ရွာအတွင်းသို့ ဝင်ရောက်လာပြီး ပစ်ခတ်မှုကြောင့် ယင်းရွာသား စိတ်ဝေဒနာသည်တစ်ဦးလည်း သေနတ်ကျည်ထိမှန် သေဆုံးသွားကြောင်း ဒေသခံများ ကပြောသည်။

“ကြောက်ပြီးပြေးလို့ လှမ်းပစ်လိုက်တာလို့သိရတယ်။ ဒီနေ့လည်း တိုနဲ့ပဝတ်ကုန်းရွာဘက်မှာ ချနေတုန်းပဲ။ အစောကြီးကတည်းက ပစ်လိုက်နားလိုက် လုပ်နေကြတယ်။ စစ်တပ်ဘက်က လက်နက်ကြီးတွေလည်း တဒုံးဒုံးနဲ့ထုနေကြတယ်”ဟု ဒေသခံအမျိုးသား ကပြောသည်။

ပလမြို့၊တို၊မြတောင်နှင့် ပဝတ်ကုန်းရွာတို့တွင် ယနေ့အထိ သုံးရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွါးနေပြီး စစ်ကောင်စီတပ်များ ထိခိုက်သေဆုံးမှုရှိနေသလို ပြည်သူကာကွယ်ရေးတပ်ကလည်း ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရကာ တစ်ဦးဒဏ်ရာပြင်းထန်ခဲ့သည်ဟု ဒေသခံများကပြောသည်။

ဖေဖော်ဝါရီ ၃ ရက်နေ့ကလည်း တန်းရှင်းရွာနေအိမ်တစ်လုံးပေါ် လက်နက်ကြီးကျရောက် ပေါက်ကွဲပြီး အသက် ၅၅ နှစ်ရှိ အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။