ရေးမြို့နယ်တွင် ညမထွက်ရအမိန့် ထပ်ထုတ်

0
2752

စစ်အုပ်ချုပ်ရေး ထုတ်ပြန်ထားသည့် မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ညနေ ၆ နာရီမှ နံနက် ၆ နာရီအထိ ညမထွက်ရအမိန့် ထပ်မံထုတ်ပြန်လိုက်သည်။

ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့်အချိန်အတွင်း လူ ၅ ဦးထက် ပိုစုဝေးခြင်း၊ လမ်းလျှောက်ခြင်း၊ စီတန်းလှည့်လည်ခြင်း၊ ဟောပြောခြင်း၊ လှုံ့ဆော်ခြင်း၊ ရုန်းရင်းဆန်ခတ်မှုပြုခြင်း၊ တုတ်၊ ဓား၊ လက်နက်နှင့် မီးလောင်စေတက်သောအရာများ ကိုင်ဆောင်ခြင်း မပြုရဟု စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့များက ရပ်ကွက်ကျေးရွာများအတွင်း ဖေဖော်ဝါရီလ ၈ ရက်နေ့မှစကာ လိုက်လံကြေညာခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။

ထုတ်ပြန်သည့်အမိန့်အား လိုက်နာမှုမရှိသူများကို အင်အားသုံးဖမ်းဆီးကာ တည်ဆဲဥပဒေများအရ ထိရောက်စွာ အရေးယူသွားမည်ဟု ကြေညာထားကြောင်းလည်း ရေးဒေသခံတို့က ပြောသည်။

“ညနေ ၆ နာရီကနေ မနက် ၆ နာရီအတွင်း အပြင်မထွက်ရဘူးဆိုပြီး လော်စပီကာနဲ့ ရပ်ကွက်ထဲမှာ လိုက်ကြေညာတယ်။ လူ ၅ ဦးထက်ပိုမစုရတာတို့လည်း ပါတယ်၊ မလိုက်နာရင် အရေးယူမယ်လို့လည်း ပြောသွားတယ်” ဟု ရေးမြို့ခံတစ်ဦးက ပြောသည်။

ထုတ်ပြန်လိုက်သည့် ညမထွက်ရအမိန့်သည် နောက်ထပ်အမိန့်တစ်စုံတစ်ရာ မထုတ်ပြန်သ၍ အတည်ဖြစ်သည်ဟု ကြေညာထားသည်။

စစ်ကောင်စီ၏ ညမထွက်ရအမိန့်သည် ဒေသခံပြည်သူများအတွက် ပိုမိုခက်ခဲစေသည်ဟု ဒေသခံတို့က ပြောသည်။

“ည ၆ နာရီ မနက် ၆ နာရီ သွားလာလို့မရတော့ဘူဆိုရင် ဘာလုပ်စားရတော့မလဲ ညပိုင်း မနက်အစောကြီး စျေးထရောင်းနေရသူတွေ ပြီးတော့ အစေးခြစ်သမားတွေ အကုန်လုံးအခက်အခဲဖြစ်မယ်။ နောက်ပြီး ကျန်းမာရေးကိစ္စပေါ့ ညပိုင်း အရေးပေါ်ဖြစ်လာရင် ဘယ်လိုလုပ်မလဲ။ ရေးမှာက ကြာလေ ပိုခက်ခဲလာလေပဲ၊ အကုန်ကြောက်နေရတယ်” ဟု ရေးဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ပစ်ခတ်တိုက်ခိုက်မှု မကြာခဏဖြစ်ပွားလေ့ရှိသည့် မွန်ပြည်နယ်၊ ရေးမြို့နယ်ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး (Martial Law) ဒေသအဖြစ် ဖေဖော်ဝါရီလ ၂ ရက်နေ့က ကြေညာထားသည်။