ကျွန်းစုတွင် ပေ ၄၀ အရှည်ရှိသည့် ဘရိုင်းဝေလငါး (Bryde’s Whale) အသေတစ်ကောင်တွေ့

0
2684

ကျွန်းစုမြို့နယ် ဒုံးပုလဲအော်ကျေးရွာအုပ်စု၊ လင်းလွန်းကျေးရွာတွင် ပေ ၄၀ အရှည်ရှိသည့် ဘရိုင်းဝေလငါး (Bryde’s Whale) အသေတစ်ကောင် တွေ့ရှိကြောင်း ယင်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။

လင်းလွန်းကျေးရွာရှိ သောင်ပြင်တွင် ဖေဖော်ဝါရီလ ၄ရက်က ဝေလငါး ကမ်းတင်ကာ သေဆုံးနေသည့် ကျေးရွာနေသူအချို့ တွေ့ရှိခြင်းဖြစ်ကြောင်း ယင်းရွာအနီးရှိ ဒုံးပုလဲရွာ‌နေသူတစ်ဦးက ပြောသည်။

“ကမ်းမှာလာသေနေတဲ့ ဝေလငါးက အကြီးကြီးပဲ။ ရွာလူကြီးတွေလာပြီးတော့ မြှုပ်လိုက်ကြတာ” ဟု ၎င်းကဆိုသည်။

အဆိုပါ ဝေလငါးနှင့် ပတ်သက်သည့် အချက်အလက်အား ပြုစုနေဆဲဖြစ်သဖြင့် အသေးစိတ်အချက်အလက်များကို ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း ကျွန်းစုမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

သို့သော် မြိတ်တက္တသိုလ်အဏ္ဏဝါသိပ္ပံဌာနက လေ့လာတွေ့ရှိချက်အရ အရှည် ပေ ၄၀၊ လုံးပတ် ၈ ပေခန့်ရှိ ဝေလငါး (Bryde’s Whale) ၏ မျိုးစိတ်သည် Balaenoptera edein (Anderson, 1878) ဖြစ်ကြောင်း ပြည်တွင်းသတင်းဌာန အချို့က ‌ဖော်ပြထားသည်။

သက်တမ်းအားဖြင့် အနှစ် ၄၀ မှ ၇၀ အကြား အသက်ရှင်နိုင်သည့် ငါးအမျိုးအစားဖြစ်သည်ဟုလည်း ဆိုသည်။

ယခုတွေ့ရှိသည့် (Bryde’s Whale) ၏ သက်တမ်းသည် အနှစ် ၂၀ မှ ၂၅ နှစ်အကြားရှိ အရွယ်ရောက်ပြီး ဝေလငါး အမျိုးအစားဖြစ်ကြောင်း ဖော်ပြထားသည်။

ကျွန်းစုမြို့နယ်အတွင်းသို့ ဝေလငါးမျိုးစိတ်တို့သည် ပင်လယ်လှိုင်းဂယက်များကြောင့် လမ်းမှားပြီး ရောက်လာ လေ့ရှိကြကြောင်း ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်အတွင်းက ကျွန်းစုမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောဆိုထားသည်။

ထို့အပြင် ပြီးခဲ့သည့်နှစ်အတွင်းက ကျွန်းစုမြို့နယ် ချောင်းကြီးဝကျေးရွာနှင့် စခန်းသစ်ကျေးရွာအုပ်စု ရာကျော်သဲတန်း ကျေးရွာတို့တွင် မျိုးဆက်ပျက်သုဉ်းစာရင်းဝင် Whale Shark ဒေသအခေါ် ဝဇီပျောက် ဝေလငါးအသေနှစ်ကောင်အား တွေ့ရှိခဲ့သေးသည်။

ယခုတွေ့ရှိသည့် ဝေလငါးသည် မျိုးဆက်ပျက်သုဉ်းစာရင်း ဝင် မဝင် အတည်ပြုချက် မရရှိခဲ့ပေ။