ထားဝယ်ခရိုင်တွင် တစ်ရက်တည်း ကျပ်သိန်းပေါင်း ၁၂၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းမိ

0
2742

တနင်္သာရီတိုင်း ထားဝယ်ခရိုင်ထဲတွင် ဖေဖော်ဝါရီ ၃ ရက်နေ့ က တစ်ရက်တည်း ကျပ်သိန်းပေါင်း ၁၂၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီ၏ မူးယစ်ဆေးဝါး အလွဲသုံးချမှု ထိန်းချုပ်ရေး ဗဟိုကော်မတီက ထုတ်ပြန်ထားသည်။

ရေဖြူမြို့နယ် ကလိန်အောင်မြို့ မလွှဲတောင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ရေးမြို့ဘက်မှ ထားဝယ်ဘက်သို့လာသည့် ခရီးသည်တင် မော်တော်ယာဉ်အား တားဆီးစစ်ဆေးရာ ထွန်းရွှေမြင့် တင်ဆောင်လာသည့် ဆာလာအိတ်အတွင်းမှ ရေခဲ(အိုက်စ်) မူးယစ်ဆေး အလေးချိန် ၄ ဒသမ ၇ ကီလို ကာလပေါက်ဈေးတန်ဖိုး ၁၂၆၉ သိန်းခန့်နှင့် လက်ကိုင်ဖုန်းတစ်လုံးအား သိမ်းဆည်းရမိခဲ့ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်သည်။

ယင်းနောက်အထက်ပါအမျိုးသားကို ထပ်မံစစ်ဆေးဖော်ထုတ်ချက်အရ ဖေဖော်ဝါရီ ၃ ရက် နေ့လယ် ၁၂ နာရီ ၂၀ မိနစ်အချိန်တွင် ထားဝယ်မြို့၊ ဥဿရံတိုးချဲ့ရပ်ကွက်၊ စမ်းသီတာလမ်းတွင် နေထိုင်သည့် သန်းအေးမောင် ဆိုသူကို ထပ်မံဖမ်းဆီးမိခဲ့သည်။

ထိုသူထံမှ ရေခဲ(အိုက်စ်) မူးယစ်ဆေး ၆၀ ဂရမ် ကာလပေါက်ဈေး ခန့်မှန်းတန်ဖိုးကျပ်ငွေ ၁၈ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် လက်ကိုင်ဖုန်းတစ်လုံးကိုလည်း ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း အထက်ပါထုတ်ပြန်ချက်အရ သိရသည်။

၎င်းတို့နှစ်ဦးထံမှ တစ်ရက်တည်းတွင် ကျပ်သိန်းပေါင်း ၁၂၈၇ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခြင်းဖြစ်သည်။

ထွန်းမြင့်ရွှေနှင့် သန်းအေးမောင် ဆိုသူနှစ်ဦးကို သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်တရားခံများကို ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း စစ်ကောင်စီ၏ မူးယစ်ဆေးဝါး အလွဲသုံးချမှု ထိန်းချုပ်ရေး ဗဟိုကော်မတီက ထုတ်ပြန်ထားသည်။

တနင်္သာရီတိုင်းအတွင်း ပြီးခဲ့သည်လ ဖေဖော်ဝါရီ ၂၇ ရက်နှင့် ၂၈ ရက်နေ့က ကျပ်သိန်းပေါင်း ၇၀၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ပြီး တစ်ပတ်ကျော်ကာလတွင် ကျပ်သိန်းပေါင်း ၈၂၈၇ သိန်းကျပ်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို စစ်ကောင်စီ၏ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့က ထပ်မံဖမ်းဆီးရရှိခဲ့သည်။