ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

0
2708

ယခုအပတ် ရွှေဈေးမှာ အတက်ဘက်တွင်ရောက်နေပြီး ထိုင်းဘတ်ဈေးလည်း အနည်းငယ်တက်နေခဲ့သည်။

အခေါက်ရွှေဈေးမှာ တစ်ကျပ်သားလျှင် ကျပ်သောင်းဂဏန်း တက်ခဲ့ပြီး ထိုင်းဘတ်ဈေးမှာ မဆိုစလောက်သာ ရှိသည်။

ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။

ကျပ်နှစ်သောင်းတက်သည့် ရွှေဈေး

အခေါက်ရွှေဈေးသည် ယခုအပတ်အတွင်း တက်ရိပ်ပြခဲ့ပြီး တစ်ကျပ်သားလျှင် ငွေကျပ်နှစ်သောင်း ဈေးတက်သွားခဲ့သည်။

ဇန်နဝါရီလ ၃၀ ရက်(တနင်္လာနေ့)က အခေါက်ရွှေတစ်ကျပ်သားလျှင် နှစ်ဆယ့်ရှစ်သိန်းသုံးသောင်းကျပ်ဖြင့် ဈေးဖွင့်ခဲ့သည်။

ယင်းနောက် တဖြည်းဖြည်းတက်လာပြီး  သောကြာနေ့တွင် တစ်ကျပ်သားလျှင် နှစ်ဆယ့်ရှစ်သိန်းခွဲ ဖြစ်လာခဲ့သည်။

တရိပ်ရိပ်တက်သည့် ဘတ်ဈေး

ထိုင်းဘတ်ငွေဈေးမှာ ယခုအပတ်တွင် တဖြည်းဖြည်းချင်း အတက်ဘက်ရောက်နေသည်။

တနင်္လာနေ့ပေါက်ဈေးအရ  ထိုင်းငွေတစ်ဘတ်လျှင် ၈၆ ကျပ်ရှိခဲ့ပြီး နောက်ရက်များတွင် အနည်းငယ်တက်လာခဲ့သည်။

ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ ထိုင်းငွေ ၁၁၅၇ ဘတ် လဲလျှင် မြန်မာငွေကျပ် တစ်သိန်းရမည်ဖြစ်သည်။

စက်သုံးဆီဈေး ကျရိပ်ပြ

တနင်္သာရီတိုင်း၏ စက်သုံးဆီဈေးမှာ တဖြည်းဖြည်းကျရိပ်ပြနေပြီး တစ်လီတာလျှင် ၁၄၀ ကျပ်အထိ ဈေးကျသွားခဲ့သည်။

ထားဝယ်ဈေးကွက်အတွင်း 92 ဓာတ်ဆီတစ်လီတာလျှင် ၂၃၅၀ ကျပ် မှ ၂၂၀၀ ကျပ် စွန်းစွန်းဖြင့် ဈေးဖွင့်ရောင်းချနေခြင်းဖြစ်သည်။

ယခုအပတ် တနင်္လာနေ့ ပေါက်ဈေးအရ တစ်လီတာလျှင် ၂၃၅၀ ကျပ်ရှိခဲ့ပြီး သောကြာနေ့တွင် ၂၂၁၀ ကျပ်ဖြစ်လာခဲ့သည်။

အဆိုပါဈေးနှုန်းများမှာ လိုင်စင်ရှိဆီဆိုင်ကြီးများတွင် ရောင်းချရန် စစ်ကောင်စီက သတ်မှတ်ပေးထားသည့် နှုန်းထားများဖြစ်သည်။

စစ်ကောင်စီသတ်မှတ်နှုန်းမှာ မြေပြင်တွင်ရောင်းချနေသည့်ဈေးနှင့် အနည်းဆုံး ကျပ်ရာဂဏန်းမှ ထောင်ဂဏန်းအထိ ကွာခြားနေသည်။

ပန့်ခ်ဖြင့်ရောင်းချနေသည့် ပြင်ပဆိုင်ငယ်များတွင် မြို့ပေါ်နှင့် ကျေးလက်အပေါ်မူတည်ပြီး တစ်လီတာလျှင် ၂၃၅၀ ကျပ်မှ ကျပ် ၃၂၀၀ ကျပ်အထိ ရောင်းချနေသည်။

ဈေးကွက်သုံးသပ်ချက်

ယခုအပတ်တွင် တက်ရိပ်ပြခဲ့သည့် ရွှေဈေးမှာ လာမည့်အပတ်တွင် အနည်းငယ်ပြန်ကျလာနိုင်သည်။

လက်ရှိ ကမ္ဘာ့ရွှေဈေးမှာ အကျဘက်ရောက်နေပြီး တစ်အောင်စလျှင် ၁၈၆၆ ဒေါ်လာသာ ရှိတော့သည်။ ပြီးခဲ့သည့်အပတ်ကမူ ၁၉၂၈ ဒေါ်လာရှိသဖြင့် တစ်အောင်စလျှင် ၆၂ ဒေါ်လာ ထိုးကျသွားသည်။

ကမ္ဘာ့ရွှေဈေး ပြုတ်ကျနေသော်လည်း လက်ရှိ ပြည်တွင်းရွှေဈေးကွက်အပေါ် သက်ရောက်မှုနည်းနေနိုင်သည်။

မြန်မာနိုင်ငံ၏ ပြည်တွင်းရေးမငြိမ်သက်မှုများကြောင့် မြန်မာငွေကြေးအပေါ် ယုံကြည်မှုမဲ့နေခြင်းက ရွှေဈေးကြီးကြီးမားမား ပြန်ကျမည့် အနေအထားမရှိနိုင်ကြောင်း သုံးသပ်ရသည်။

ထိုကြောင့် လာမည့်အပတ် ပြည်တွင်းရွှေဈေးမှာ ၂၈ သိန်းခွဲဝန်းကျင်ဖြင့် အရောင်းအဝယ် ဆက်ရှိနေမည်ဟု ခန့်မှန်းရသည်။

ထိုင်းဘတ်ဈေးလည်း လာမည့်အပတ်တွင် လက်ရှိပေါက်ဈေးအတိုင်း အပြောင်းအလဲနည်းနည်းဖြင့် ဆက်ရှိနေမည်ဟု သုံးသပ်ရသည်။

ယခုအပတ် ထိုင်းဘတ်ငွေ ပေါက်ဈေးမှာ တစ်ဘတ်လျှင် ၈၇ ကျပ် ဝန်းကျင်ရှိနေပြီး အတက်အကျ ကြီးကြီးမားမား ဖြစ်မည့် အလားအလာမရှိနိုင်ပေ။

ပြည်တွင်းစက်သုံးဆီဈေးမှာ ကမ္ဘာ့ရေနံပေါက်ဈေး၊ အမေရိကန်ဒေါ်လာငွေလဲဈေးနှင့် နိုင်ငံရေးအခြေအနေအပေါ် မူတည်နေသည်။

လက်ရှိကမ္ဘာ့ရေနံပေါက်ဈေးမှာ ကျရိပ်ပြနေပြီး ဒေါ်လာငွေလဲနှုန်းမှာ အလှုပ်အခတ်နည်းနေသည်။

လက်ရှိတွင် အမေရိကန်တစ်ဒေါ်လာလျှင် ၂၈၆၅ ကျပ် ဝန်းကျင် ဈေးပေါက်နေသည်။

ထိုကြောင့် လာမည့်အပတ်တွင် ပြည်တွင်းစက်သုံးဆီဈေးမှာ အကျဈေးတွင်ဆက်ရှိနေမည်ဖြစ်ပြီး တစ်လီတာလျှင် ၂၂၀၀ ကျပ်စွန်းစွန်းဖြင့် ဈေးဖွင့်နေမည်ဟု ခန့်မှန်းရသည်။