ရှမ်းမီး‌သွေးဈေးတက်၊ မြိတ်တွင် တစ်အိတ်ကျပ်တစ်သောင်းနှစ်ထောင်ဖြစ်လာ

0
2652

မြိတ်တွင် ရှမ်းမီး‌သွေး တစ်အိတ်လျှင် ကျပ်တစ်သောင်းနှစ်ထောင်ဖြစ်လာကြောင်း မီးသွေးရောင်းဝယ်သူများနှင့် အိမ်ရှင်မများထံမှ သိရသည်။

ပြီးခဲ့သည့် ဧပြီလအတွင်းက ရှမ်းမီးသွေး တစ်အိတ်လျှင် ကျပ်တစ်သောင်းအထိသာ ဈေးရှိခဲ့သည်။

ယင်းနောက် ဇန်နဝါရီလ တတိယပတ်မှစပြီး တစ်အိတ်လျှင် တစ်သောင်းနှစ်ထောင်ကျပ်အထိ မြင့်တက်လာနေ ကြောင်း မီးသွေးအရောင်းအဝယ် လုပ်ကိုင်နေသူအချို့က ပြောသည်။

“မြို့လာပို့တဲ့ မီးသွေးတွေ နည်းသွားတာ။ ပုံမှန်လာနေကျ မီး‌သွေးလှေက တစ်လနှစ်ခေါက်မှာ တစ်ခေါက်ပဲ လာတယ်။ လှေအဝင်နည်းတယ်။ ဝယ်တဲ့သူကများတော့ ဈေးတင်ပြီး ရောင်းနေကြတာပါ” ဟု နောက်လယ်ရပ်နေ မီးသွေး အရောင်းအဝယ် လုပ်ကိုင်နေသူတစ်ဦးက ပြောဆိုသည်။

မီးသွေးလည်း အထွက်နည်းနေကြောင်း မီးသွေးဖောင်းလုပ်ကိုင်သူတို့ထံမှ သိရသည်။

“ထင်းတွေ ရှားလာတယ်။ အရင်က ရွာအနားမှာ ထင်းခုတ်ရတာ။ အခုက နှစ်ညအိပ်အထိသွားပြီး ခုတ်နေရတာ။ ထင်းရှားလာတော့ မီး‌သွေးအထွက်နည်းသွားတာပါ” ဟု ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာမှ မီးသွေးဖောင်းလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

လျှပ်စစ်မီတာခဈေးတက်သဖြင့် မီးသွေးဖြင့် ချက်ပြုတ်နေရာ မီးသွေးဈေးလည်း တက်လာပြန်သည်ဟု မြို့သစ်ရပ်နေ အမျိုးသမီးတစ်ဦးက ပြောသည်။

“တစ်လကို တစ်အိတ်ကုန်တယ်။ အရင်လက ဝယ်တာ တစ်သောင်းပဲသေး။ အခုထပ်ဝယ်တာ တစ်သောင်း နှစ်ထောင်ပေးရတယ်။ လျှပ်စစ်မီးက ထမင်းဟင်း တည်တာတွေ သိပ်မသုံးဖြစ်ဘူး။ မီး‌သွေးမီးဖိုပဲ အသုံးများတာ” ဟု ၎င်းက ဆိုသည်။

မီး‌သွေးအား နေအိမ်သုံးအပြင် လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင်များနှင့် စားသောက်ဆိုင်ကြီးတို့တွင် အသုံးပြုလေ့ရှိကြသည်။

အဆိုပါ မီး‌သွေးတို့အား ဒေသတွင်းအပြင် မော်လမြိုင်နှင့် ရန်ကုန်မြို့ဘက်နှင့် ထိုင်းနိုင်ငံသို့လည်း တင်ပို့ရောင်းချလေ့ရှိကြသည်။

ဒီရေတောထင်းတို့အား အသုံးပြုသည့် မီးသွေးတို့သည် ကျွန်းစုမြို့နယ်အတွင်း ပင်လယ်ရွာဘက်မှ အများဆုံးထွက်ရှိလေ့ရှိသည်။

အဆို မီသွေးဖောင်းလုပ်ငန်းတို့ကြောင့် ဒီရေတောပြုန်းတီးမှုများနှင့် ရင်ဆိုင်နေရဆဲဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆောင်ရွက်သည့် အရပ်ဖက်အဖွဲ့အစည်းအချို့က မကြာခဏ ထောက်ပြခဲ့ဖူးသည်။