ထိုင်း ကော့စမွေကျွန်းတွင် လှိုင်းပုတ်ခံရပြီး ပျောက်ဆုံးသွားသော မြန်မာလုပ်သားအလောင်းပြန်တွေ့

0
2895

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် ကော့စမွေကျွန်းရှိ Viewpoint တစ်နေရာတွင် လှိုင်းပုတ်ခံရပြီး ၂ ရက်ကြာ ပျောက်ဆုံးနေသော မြန်မာအလုပ်သမားတစ်ဦး၏ ရုပ်အလောင်းကို ယနေ့ ဖေဖော်ဝါရီလ ၁ရက်တွင် ပြန်လည်တွေ့ရှိပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနအချို့က ဖော်ပြသည်။

ဇန်နဝါရီလ ၃၀ ရက် ညနေပိုင်းတွင် မြန်မာနိုင်ငံသားသုံးဦးသည် ဆိုင်ကယ်တစ်စီးဖြင့် ကော့စမွေကျွန်းရှိ ကော့လတ် Viewpoint သို့ ရောက်ရှိလာခဲ့ပြီး အောက်ရှိကျောက်တုံးများရှိရာ နေရာသို့ ဆင်းသွားခဲ့ကြောင်း ရေးသားထားသည်။

ယင်းနေရာမှာ လှိုင်းလုံးကြီးများ မကြာခဏတက်လေ့ရှိသဖြင့် လုံခြုံရေးဝန်ထမ်းက သတိပေးနေသည့်ကြားက အောက်သို့ဆင်းသွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

မြန်မာသုံးဦးသည် ကျောက်တုံးများရှိရာ အောက်သို့ဆင်းလာကာ အရက်သောက်နေပုံပေါ်ကြောင်း သတင်းတွင် ဖော်ပြသည်။

ယင်းအနက် ကျောက်တုံးပေါ်တစ်ဦးတည်းထိုင်နေသော မြန်မာအလုပ်သမားတစ်ဦး လှိုင်းပုတ်ခံရပြီးနောက် ပင်လယ်ထဲ မျောပါသွားကာ ပျောက်ဆုံးသွားခဲ့သည်ဟု ဆိုသည်။

ယင်းသို့ မျောပါသွားသူကို အတူလာသည့် သူငယ်ချင်းက ကယ်ဆယ်ရန် ကြိုးပမ်းခဲ့သော်လည်း လှိုင်းလုံးများ ရိုက်ခတ်နေသဖြင့် ကယ်ဆယ်၍ မနရလိုက်ဘဲ ကယ်ဆယ်ရန်ကြိုးစားသူပင် ကမ်းသို့ရောက်အောင် ခက်ခက်ခဲခဲ ကူးခတ်လာခဲ့ရကြောင်း ဖော်ပြသည်။

အဆိုပါဖြစ်ရပ်ကို နိုင်ငံခြားသားဧည့်သည်တစ်ဦး၏ ဖုန်းဖြင့် ဗီဒီယိုရိုက်ကူးခဲ့ပြီး ရေထဲကျသွားသူသည် ကျောက်ဆောင်ပေါ် တစ်ဦးတည်းသွားထိုင်နေစဉ်တွင် လှိုင်းဖြင့် အပုတ်ခံရခြင်းဖြစ်ကြောင်း ယင်းဗီဒီယိုမှတ်တမ်းအရ တွေ့ရသည်ဟု ဆိုသည်။

လုံခြုံရေးဝန်ထမ်းက ကော့စမွေကျွန်းရှိ ဘော်ဖုတ်ရဲစခန်းသို့ အကြောင်းကြားခဲ့ပြီးနောက် သူငယ်ချင်းဖြစ်သူ မြန်မာနိုင်ငံသား နှစ်ဦးမှာ ဆိုင်ကယ်ဖြင့်ပြန်လည်ထွက်သွားခဲ့သဖြင့် ပျောက်ဆုံးနေသူမှာ မည်သူမည်ဝါဖြစ်သည်ကို မသိရှိရသေးကြောင်း ရေးသားထားသည်။

အခင်းဖြစ်ရာသို့ အုပ်ချုပ်ရေးအဖွဲ့များ၊ ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိလာခဲ့ပြီး ရှာဖွေခဲ့သော်လည်း ရာသီဥတုအခြေအနေအရ လှိုင်းကြီးနေသဖြင့် ယနေ့တွင် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ဟိုတယ်တစ်ခု၏ ကမ်းခြေအရှေ့ ၂ ကီလိုမီတာအကွာတွင် ပြန်တွေ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

အခင်းဖြစ်ပွားပြီးနောက် အဆိုပါနေရာကို ကြိုးဖြင့် တားဆီးလိုက်ကာ ဝင်ခွင့်ပိတ်ထားခဲ့ပြီး လုံခြုံရေးအရ သတိပေး တားမြစ်ထားသောနေရာများကို လေးစားလိုက်နာရန် ကော့စမွေလုံခြုံရေးအဖွဲ့က သတိပေးထားသည်ဟု ဆိုသည်။

Ref: The Thaiger, One News