ထားဝယ်မြို့ပေါ်ရှိ နေအိမ်အချို့ ဝင်ရောက်စီးနင်းရှာဖွေခံရ

0
2807

ထားဝယ်မြို့ပေါ်ရှိ နေအိမ်အချို့ကို စစ်ကောင်စီတပ်ဖွဲ့က ယနေ့ မွန်းလွဲပိုင်းတွင် ဝင်ရောက်စီးနင်းရှာဖွေ ဖမ်းဆီးကြောင်း မြို့ခံအချို့က ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ရဲအင်အား အလုံးအရင်းဖြင့် လမ်းမ၊ လမ်းသွယ်များအထိ ဝိုင်းကာ ဝင်ရောက်ရှာဖွေခြင်း ဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။

ယနေ့ ဇန်နဝါရီလ ၃၀ ရက် မွန်းလွဲ ၁ နာရီခန့်တွင် တလိုင်းမရပ်ကွက်၊ ဗဟိုလမ်းဆုံ မီးပွိုင့်အနီးရှိ ဦးတင်စန်းဆိုသူ၏ နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ရှာဖွေကြောင်း မြို့ခံအချို့က ဆိုသည်။

“ကျွန်တော်လာတဲ့အချိန် ဒေါ်စေးမူ (ဦးတင်စန်း၏ ဇနီး) တို့အိမ်ကို ဝင်ဝိုင်းနေတာ တွေ့ရတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။

ယင်းသို့စီးနင်းရှာဖွေရာတွင် ဒေါ်စေးမူကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ဆိုင်ကယ်တစ်စီးကိုလည်း သိမ်းယူသွားကြောင်း မိသားစုဝင်တစ်ဦးက ဆိုသည်။

“ကားကို ဓာတ်ပုံရိုက်သွားတယ်လို့ပြောတယ်။ ပြန်ပြီးလာယူမယ်လို့လည်း ပြောသွားတယ်တဲ့” ဟု ၎င်းက ပြောဆိုသည်။

ဒေါ်စေးမူမှာ ညနေပိုင်းတွင် ပြန်လွတ်လာကြောင်း မိသားစုဝင်က ဆက်လက်ပြောဆိုသည်။

ဦးတင်စန်းတို့ ဇနီးမောင်နှံတွင် သားသမီးလေးဦးရှိရာ သားနှစ်ဦးမှာ စစ်အာဏာသိမ်းပြီးနောက်တွင် ဆန္ဒပြစစ်ကြောင်း များ၌ လိုက်ပါခဲ့ပြီး ယင်းအချိန်ကပင် အိမ်နှင့် အဆက်အသွယ်မရှိသလို ပတ်သက်မှုလည်း မရှိကြောင်း ၎င်းက ပြောသည်။

သို့သော် နေအိမ်တွင် ဆက်လက်နေထိုင်နေသည့် ဦတင်စန်းတို့ ဇနီးမောင်နှံနှင့် သမီးတစ်ဦး၊ သားတစ်ဦးတို့ကို စစ်ကောင်စီတပ်က ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်တွင် ဖမ်းဆီးခဲ့သေးသည်။

ဦးတင်စန်းမှာ ဖမ်းဆီးခံရပြီး တစ်လခန့်ကြာမှသာ ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း မိသားစုဝင်ထံမှ သိရသည်။

ဆန္ဒပြစစ်ကြောင်းလိုက်သည့် သားနှစ်ဦးကို မဖမ်းမိသဖြင့် ကျန်မိသားစုဝင်များကို ယခုကဲ့သို့ ဝင်ရောက်ရှာဖွေခြင်းများ လုပ်ဆောင်နေခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

“မဆိုင်တဲ့ လူတွေကို လိုက်လုပ်တယ်” ဟု အထက်ပါမိသားစုဝင်က ပြောသည်။

ယင်းအပြင် ထားဝယ်မြို့ ခုံဝင်းဒပ်ရပ် မင်္ဂလာလမ်းဒေါင့်ရှိ ကိုဇေယျာမင်းဆိုသူ၏ မိဘများနေအိမ်ကိုလည်း စစ်ကောင်စီတပ်က ယနေ့ မွန်းလွဲ ၁ နာရီခန့်တွင် ဝင်ရောက်စီးနင်းရှာဖွေကြောင်း ယင်းရပ်ကွက်နေသူ အမျိုးသားတစ်ဦးက ပြောသည်။

“ရဲလည်းပါတယ်။ စစ်သားတွေလည်း ပါတယ်။ ကျွန်တော်တို့ ချောင်းကြည့်တောင် မရဲဘူး” ဟု အထက်ပါ အမျိုးသားက ပြောသည်။

ယင်းနေအိမ်ကို ဝင်ရောက်ရှာဖွေမှုအခြေအနေကိုမူ Dawei Watch က စုံစမ်းနေဆဲဖြစ်သည်။

ထားဝယ်ကမ်းနားလမ်းက နေအိမ်တစ်လုံးကိုလည်း ယနေ့ ဝင်ရောက်စီနင်းရှာဖွေခဲ့သည်ဟု ဒေသခံအချို့က ပြောဆိုကြသော်လည်း သီးခြားအတည် မပြုနိုင်သေးပေ။

စစ်ကောင်စီကိုဆန့်ကျင်ရာတွင် ပါဝင်ခဲ့သူများ၏ မိသားစုဝင်များ၏ နေအိမ်များကို ဝင်ရောက်ရှာဖွေခြင်း၊ အလိုရှိသူကို မတွေ့ပါက မိဘနှင့် ညီကိုမောင်နှမများ မိသားစုဝင်များကို ဖမ်းဆီးခြင်း၊ ပစ္စည်းများကို သိမ်းယူခြင်း၊ နေအိမ်များကို ချိတ်ပိတ်ခြင်းများကို စစ်ကောင်စီက လုပ်ဆောင်လျှက်ရှိသည်။