ရေဖြူ သပြေဇွန်းရွာ တောမီး နှစ်ရက်ကြာသည်အထိ မငြိမ်းသေး

0
2621

ရေဖြူမြို့နှင့် သပြေဇွန်းရွာအကြား ရေဆူတောင်ကြောတစ်လျှောက် လောင်နေသော တောမီးမှာ နှစ်ရက်ကြာသည်အထိ မငြိမ်းသေးကြောင်း ဒေသခံအချို့က ပြောသည်။

ယင်းတောမီးသည် ဇန်နဝါရီလ ၂၉ ရက် ညနေပိုင်းကတည်းက လောင်ကျွမ်းနေခြင်းဖြစ်ပြီး ယနေ့ ဇန်နဝါရီလ ၃၀ ရက် ညအချိန်အထိ လောင်နေဆဲဖြစ်ကြောင်း မီးငြှိမ်းသတ်ရာတွင်ပါဝင်သည့် ဒေသခံတစ်ဦးက ဆိုသည်။

“ကျွန်တော်တို့ မနေ့က ညနေ ၆ နာရီလောက်ကတည်းက ငြှိမ်းနေတာ၊ မနက် ၄ နာရီအထိပဲ။ တစ်ညလုံး ငြှိမ်းနေတာ။ မနိုင်တော့လို့ လက်လျှော့ပြီးပြန်လာရတယ်” ဟု ၎င်းက ပြောဆိုသည်။

ယင်းတောမီးသည် ယနေ့ ည ၇ ခွဲအချိန်တွင် ကျခတ္တပင်အင်းကျေးရွာအနီးအထိ ရောက်ရှိလာနေပြီး မီးသတ် တပ်ဖွဲ့ဝင်များနှင့် ဒေသခံများက အနီးအနားတွင် အခြေအနေစောင့်ကြည့်နေကြကြောင်း ဒေသခံတို့က ဆိုသည်။

တောမီးလောင်ရာတွင် ရော်ဘာခြံအချို့လည်း မီးထဲပါသွားကြောင်း ‌ပိုင်ရှင်တစ်ဦးက ပြောဆိုသည်။

“ခြံတော်တော်များများ မီးလောင်သွားတယ်။ ရှိသမျှပိုက်ဆံ ခြံထဲထည့်ထားတာ မီးထဲပါသွားပြီး” ဟု ၎င်းရော်ဘာခြံပိုင်ရှင်က ပြောသည်။

မီးတောက်မှာ အရှိန်ပြင်းသဖြင့် လူအနီးကပ်မရနိုင်ဘဲ မီးလောင်နေသည်ကိုသာ စောင့်ကြည့်နေရကြောင်း ဒေသခံအချို့က ပြောဆိုကြသည်။

“လေတိုက်နေတာကလည်း ရှေ့ကတိုက်လိုက်၊ အနောက်ကတိုက်လိုက်။ နေရာမျိုးစုံကနေ တိုက်နေတာဆိုတော့ မီးက ဟိုနားမှာလောင်လိုက် ဒီနားမှာလောင်လိုက်၊ အဲဒီလိုဖြစ်နေတာ” ဟု ‌မီးငြှိမ်းသတ်ရာတွင် ပါဝင်သူတစ်ဦးက ဆိုသည်။

မီးစတင်လောင်ကျွမ်းသည့် အကြောင်းအရင်းကိုမူ မသိရသေးပေ။

ယခုရက်ပိုင်းအတွင် ထားဝယ်ခရိုင်အတွင်း ခြောက်သွေ့အေးမြသည့် လေတိုက်ခတ်လျှက်ရှိပြီး မီးလောင်ကျွမ်းမှုလည်း မကြာခဏဖြစ်ပေါ်လျှက်ရှိသည်။

ဇန်နဝါရီလ ၂၁ ရက်က ထားဝယ်မြို့ ဝဲကျွန်းထိန်သစ်ရပ်ကွက် တဂူသိမ်‌ဈေးအနီးတွင်လည်းကောင်း၊ ၂၅ ရက်က ကေဖြူမြို့နယ် သပြေဇွန်းရွာအနီး ပုဂေါဇွန်းရွာဆီအုန်းခြံထဲတွင်လည်းကောင်း၊ ၂၉ ရက်နေ့က လောင်းလုံးမြို့နယ် တောရှည်ကျေးရွာတွင်လည်းကောင်း မီးလောင်ကျွမ်းမှုများဖြစ်ပေါ်ခဲ့သည်။