ထိုင်း ရနောင်းလဝကထိန်းသိမ်းရေးစခန်းတွင် မြန်မာ ၇၀၀ ကျော် နေရပ်ပြန်ပို့ရေး အော်ဟစ်တောင်းဆို

0
2748

လွတ်ရက်စေ့ပြီဖြစ်သော်လည်း ထိုင်းနိုင်ငံ ရနောင်းမြို့ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံထား ရသည့် မြန်မာနိုင်ငံသား ၇၀၀ ကျော် မြန်မာနိုင်ငံသို့ ပြန်ပို့ပေးရေးအတွက် ယနေ့ အော်ဟစ်တောင်းဆိုကြကြောင်း ရနောင်းရှိ မြန်မာအလုပ်သမားများအရေး ဆောင်ရွက်သူများနှင့် အလုပ်သမားများထံမှ သိရသည်။

လွတ်ရက်စေ့နေသော်လည်း မြန်မာနိုင်ငံသို့ ပြန်ပို့ခံရခြင်း မရှိသေးသဖြင့် နေရပ်ပြန်နိုင်ရေးအတွက် ယနေ့ ဇန်နဝါရီလ ၂၈ ရက် နံနက် ၁၀ နာရီခန့်တွင် အော်ဟစ်တောင်းဆိုခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံရပြီး လွတ်ရက်စေ့သဖြင့် နေရပ်ပြန်နိုင်ရန် ရနောင်း လဝက ထိန်းသိမ်းရေးစခန်းတွင် ယာယီထိန်းသိမ်းထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံဘက်က အရေအတွက် အကန့်အသတ်ဖြင့်သာ လက်ခံနေသဖြင့် နေရပ်မပြန်နိုင်သေးဖြစ်နေရာ ယခုကဲ့သို့ တောင်းဆိုမှုများ ရှိလာခဲ့ကြောင်း မိတ္တသဟာရ နာရေးကူညီမှုအသင်း (SAFWA) မှ တာဝန်ရှိသူ ကိုသားကျော်က ပြောသည်။

SAFWA သည် ရနောင်းမြို့ အခြေစိုက်အဖွဲ့ဖြစ်ပြီး မြန်မာအလုပ်သမားများအရေးဆောင်ရွက်နေကာ ပြစ်ဒဏ်ကျခံ ပြီးနောက် မြန်မာနိုင်ငံသားကို မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းရေးတွင် ပါဝင်ကူညီပေးသည့်အဖွဲ့လည်း ဖြစ်သည်။

“၂၀၁၆ လောက်တုန်းက ပြည်တော်ပြန်တွေကို တစ်နေ့ကို ၁၀၀၀ လောက်အထိ ပို့ခဲ့သေးတာပဲ။ ထိုင်း လဝကမှာ ထားဖို့နေရာမရှိတော့လို့ ရဲစခန်းတွေမှာတောင် လိုက်ထားထားတာရှိတယ်။ ကော့သောင်းဘက်က လက်မခံလို့ အခုလိုဖြစ်နေတာ။ မြန်မာဘက်က လက်ခံပေးရုံပဲ။ Q (ကွာရင်တင်း) ဝင်ဖို့လည်း ကိုယ့်စရိတ်နဲ့ပဲ၊ စားတာလည်း ကိုယ့်စရိတ်နဲ့ပဲ စားမယ်လို့တောင်းဆိုတာပဲ။ ကိုယ့်နိုင်ငံသားတွေကို တမင်သက်သက် ဒုက္ခဖြစ်အောင်ထားထားသလို ဖြစ်နေတာ” ဟု ၎င်းက ဆိုသည်။

ထိုင်းနိုင်ငံဘက်မူ လွတ်ရက်စေ့မြန်မာနိုင်ငံများကို ထိန်းသိမ်းထားသော်လည်း မြန်မာနိုင်ငံဘက်က အားလုံးကို လက်ခံပါက အားလုံးကို ပြန်လည်ပို့ဆောင်ပေးမည့် အခြေအနေရှိကြောင်း ၎င်းက ပြောဆိုသည်။

အဆိုပါကိစ္စအတွက် ရနောင်းအခြေစိုက် မြန်မာအလုပ်သမားသံအရာရှိထံ Dawei Watch က ဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာတွင် “လောလောဆယ် ဘာတွေဆောင်ရွက်နေလဲဆိုတာတော့ ပြောဖို့ ဆန္ဒမရှိသေးပါဘူး။ သံရုံး Page ကနေပဲ ဒီသတင်းတွေကို ပြောမယ်” ဟု ပြန်လည်ဖြေကြားသည်။

မြန်မာနိုင်ငံ ကော့သောင်းဘက်က နေရပ်ပြန်များကို ပြန်လည်လက်ခံရာတွင် တစ်လလျှင် ၂၀၀ ဝန်းကျင်သာ လက်ခံနေသဖြင့် ထိုင်းလဝကထိန်းသိမ်းရေးစခန်းတွင် မြန်မာနိုင်ငံသား အရေအတွက် ၇၀၀ ကျော် အထိရှိလာ ခဲ့ကြောင်း ကိုသားကျော်က ပြောသည်။

မြန်မာနိုင်ငံသို့ နေရပ်ပြန်ပို့ရာတွင် နာမည်စာရင်းပါနိုင်ရန်အတွက် ထိန်းသိမ်းရေးစခန်းရှိ မြန်မာအလုပ်သမားများသည် ဘတ် ၁၀၀၀၀ ဝန်းကျင်အထိ ပေးချေခဲ့ရမှုများလည်း ရှိနေခဲ့ကြောင်း မြန်မာအလုပ်သမားများက ပြောဆိုကြသည်။

“အချုပ်ထဲမှာ ဆန္ဒပြတယ်လို့ပြောတယ်။ သူတို့က ကြေးပြား (ငွေ) ရတဲ့သူပဲ လွှတ်ပေးတာ။ မရတဲ့သူတွေ လေးငါး ခြောက်လလောက်ရှိနေပြီ။ ဒီအတိုင်းထားထားတာ။ ကြေးပြားပေးမှ မြန်မာ လဝကနဲ့ ပေါင်းပေါင်းပြီး လွှတ်ပေးတာ” ဟု ယမန်နေ့က အဆိုပါထိန်းသိမ်းရေးစခန်းတွင် သွားရောက်တွေ့ဆုံခဲ့သော မြန်မာအလုပ်သမားတစ်ဦးက ပြောသည်။

အဆိုပါငွေကြေးများကို မည်သူတို့အား ပေးဆောင်နေရသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

တောင်းခံသော ငွေကြေးကို မပေးနိုင်လျှင် မြန်မာနိုင်ငံသားများသည် ထိန်းသိမ်းရေးစခန်းတွင် ခုနစ်လ၊ ရှစ်လကြာသည်အထိ နေခဲ့ရကြောင်း ရနောင်းရှိ မြန်မာအလုပ်သမားများထံမှ သိရသည်။

ရနောင်း လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းတွင် မြန်မာနိုင်ငံသားများကို လနှင့်ချီထားရှိထားရသဖြင့် အစားအသောက်များ ကျွေးမွေးရာတွင်လည်း မလောက်မငှဖြစ်နေရာ ကျန်းမာရေးချို့တဲ့မှုများလည်း ရှိနေခဲ့ကြောင်း SAFWA အဖွဲ့ထံမှ သိရသည်။