ရေး-သံဖြူဇရပ်ကားလမ်းတွင် ကားနှစ်စီးတိုက်၊ ထားဝယ်ဒေသခံ သုံးဦးအပါအဝင် ငါးဦးသေဆုံး

0
3020

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေး-သံဖြူဇရပ်ကားလမ်းမပေါ်တွင် Probox ကားနှင့် ခရီးသည်တင် Express ကားတို့ တိုက်မိပြီး ကလေးငယ်တစ်ဦးအပါအဝင် ငါးဦးသေဆုံးသွားကြောင်း လူမှုကယ်ဆယ်ရေးအသင်းများထံမှ သိရသည်။

သံဖြူဇရပ်ဘက်မှ လာသည့် Probox ကားနှင့် ရေးဘက်မှလာသည့် Express တို့သည် ကနင်ကမော့ကျေးရွာနှင့် အောင်သာယာကျေးရွာအကြားတွင် ဇန်နဝါရီလ ၂၇ ရက် ညနေ ၆ နာရီ ၄၀ မိနစ်ခန့်တွင် မျက်နှာချင်းဆိုင် တိုက်မိခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။  

Probox ကားပေါ် လိုက်ပါလာသော အသက် ၂ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး၊ အမျိုးသမီးနှစ်ဦး၊ ယာဉ်အကူနှင့် ယာဉ်မောင်းတို့ အားလုံး ကားထဲညှပ်ပြီး ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

“Probox ကားပေါ်မှာ ပါလာတဲ့လူအားလုံးကတော့ သေဆုံးသွားတယ်။ dead body တွေက ကားထဲမှာ ညှပ်နေတော့ မနည်းဆွဲထုတ်ခဲ့ရတယ်” ဟု လူမှုကယ်ဆယ်ရေးအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Probox ကားသည် ဘုရားသုံးဆူမြို့မှ လာခြင်းဖြစ်ပြီး ခရီးသည်များဖြစ်ကြသည့် ကလေးမိန်းကလေး တစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့ကို တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ်ဘက်သို့ ပို့ဆောင်စဉ် ကားတိုက်မှုဖြစ်ခြင်း ဖြစ်ကြောင်း လူမှုကယ်ဆယ်ရေး လုပ်ဆောင်သူများထံမှ သိရသည်။

ကလေးမိန်းကလေးတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့မှာ ရေဖြူမြို့နယ် ပေါက်ပင်ကွင်းရွာသားများဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“ကျွန်တော်တို့ရောက်သွားချိန်မှာတော့ ကားက ကြေမွနေပြီ။ သေဆုံးသူတွေအားလုံး ကားထဲမှာ ညှပ်နေကြတယ်” ဟု ရွှေဟင်္သာလူမှုကူညီရေးအသင်း (မော့ကနင်) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သေဆုံးသူများတွင် ပေါက်ပင်ကွင်းရွာသူ အသက် ၂၈နှစ်အရွယ် မိအိုင်နွံ၊ အသက် ၂၉နှစ်အရွယ် မိမွန်၊ အသက် ၂ နှစ်အရွယ်ရှိ ကလေးငယ်တစ်ဦးနှင့် ကားသမားနှစ်ဦးတို့မှာ မွန်ပြည်နယ် လမိုင်းဇာတိဖြစ်သည်။

ကလေးငယ်မှာ မိအိုင်နွံ၏ တူမဖြစ်ပြီး မိအိုင်နွံတို့ သူငယ်ချင်းနှစ်ဦးက ကလေးကို ကရင်ပြည်နယ် ဘုရားသုံးဆူ မြို့နယ်တွင် သွားရောက်ခေါ်ယူပြီး အငှားကားဖြင့် ပြန်လာစဉ် ကားတိုက်မှုနှင့် ကြုံရခြင်းဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

“ကလေးလေးရဲ့ အဖေ၊ အမေ (မိအိုင်နွံနှင့် ညီမ) တွေက ထိုင်းမှာ အလုပ်လုပ်နေကြတယ်ပေါ့နော်။ ကလေးလေးကို (နယ်စပ်ကနေ) လာခေါ်ခိုင်းလို့ ဘုရားသုံးဆူနယ်စပ်မှာ သွားခေါ်တယ်။ အပြန်ကျမှ အခုလိုဖြစ်တာ” ဟု မိသားစုနှင့်နီးစပ်သည့် အမျိုးသမီတစ်ဦးကပြောသည်။

ကလေးငယ်၏ အဖေနှင့် အမေမှာ ထိုင်းနိုင်ငံတွင် အိမ်ထောင်ကျပြီး သမီးငယ်ကို ထိုင်းတွင် မွေးဖွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

သေဆုံးသူ ငါးဦးစလုံး၏ ရုပ်အလောင်းများကို ရွှေဟင်္သာလူမှုကူညီရေးအသင်း (မော့ကနင်) ၊ မေတ္တာရှေ့ထား လူမှုကယ်ဆယ်ရေးအသင်း (အစင်) နှင့် လမိုင်းလူငယ်ပရဟိတအသင်းတို့ ပူးပေါင်း၍ လမိုင်းဆေးရုံသို့ ကူညီ‌ပို့ဆောင်ပေးလိုက်ကြောင်း ရွှေဟင်္သာလူမှုကူညီရေးအသင်း (မော့ကနင်) အဖွဲ့ထံမှ သိရသည်။

ရုပ်အလောင်းများကို ရေဖြူမြို့နယ် ပေါက်ပင်ကွင်းရွာသို့ မသယ်ဆောင်တော့ဘဲ လမိုင်းတွင် သင်္ဂြိုဟ်မည်ဟု သေဆုံးသူများ၏ မိသားစုဝင်များထံမှ သိရသည်။

Express ကားပေါ်တွင် လိုက်ပါလာသည့် ခရီးသည်များမှာမူ ထိခိုက်သေဆုံးမှုမရှိကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်သူများထံမှ သိရသည်။

Express ယာဉ်မောင်းမှာ ထွက်ပြေးသွားကြောင်း ၎င်းတို့ထံမှ သိရသည်။

ရေး-သံဖြူဇရပ်ကားလမ်းပိုင်းတွင် ယာဉ်တိုက်မှု၊ ယာဉ်မတော်တဆဖြစ်ပွားမှု မကြာခဏဖြစ်ပွားလေ့ရှိပြီး လူသေဆုံး ထိခိုက်ခြင်း အများအပြားရှိနေခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းကလည်း ရေး-သံဖြူဇရပ်ကားလမ်းမပေါ် နှစ်ကရင်လမ်းဝတွင် ယာဉ်တိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး ရေဖြူမြို့နယ်ဘက်က ခရီးသွားခုနစ်ဦး သေဆုံးခဲ့သေးသည်။