စစ်ဆေးဖမ်းဆီးမှုများရှိနေသည့် ကံပေါက်ဒေသက ရာအိမ်မှူးတစ်ဦး ထပ်မံပစ်ခတ်ခံရ

0
2805

ရေဖြူမြို့နယ် ကံပေါက်ဒေသ ဖားချောင်းကျေးရွာအုပ်စု ဆယ်အိမ်စုရွာက ရာအိမ်မှူး ဦးဝင်းထွန်းဆိုသူ သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း စုံစမ်းသိရှိရသည်။

အမည်မသိ လက်နက်ကိုင်များက ဇန်နဝါရီလ ၂၇ ညအချိန်တွင် နေအိမ်သို့ လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

ပစ်ခတ်ခံရပြီးနောက် ဦးဝင်းထွန်းကို မောရဝတီရေတပ်ဆေးရုံသို့ သယ်ဆောင်သွားကြောင်း ၎င်းတို့က ဆိုသည်။

“ညက ဦးဝင်းထွန်း အပစ်ခံရပြီး ဆေးရုံကားနဲ့ ရေတပ်ဆေးရုံ တင်သွားတယ်။ အခုမနက်အထိတော့ ဘာမှထပ်မကြားရသေးဘူး” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ဦးဝင်းထွန်းသည် စစ်တပ်အာဏာသိမ်းပြီးနောက် ရာအိမ်မှူးအဖြစ်လုပ်ဆောင်နေသူဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။

ကံပေါက်ဒေသတွင် ဇန်နဝါရီလ ၂၅ ရက်မှ ရက်မှ ၂၇ ရက်အထိ သုံးရက်အတွင်း စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး အပါအဝင် အမျိုးသား လေးဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး တစ်ဦးသေဆုံးခဲ့သည်။

ကံပေါက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်စိုးနှင့် အခြားအမျိုးသားတစ်ဦး၊ ဇာဒီကျေးရွာက စစ်ကောင်စီနှင့် ဆက်ဆံရေးရှိသူ ဦးအေးဟန်တို့ ပစ်ခတ်ခံပြီး ဦးအေးဟန်မှာ သေဆုံးသွားခြင်းဖြစ်သည်။

ယင်းနောက် ဇန်နဝါရီလ ၂၆ ရက်မှစပြီး စစ်ကောင်စီတပ်က ကံပေါက်ကျေးရွာအုပ်စု ဆယ်ရပ်ကွက်အတွင်း ဆိုင်ကယ်စီးနင်းခွင့်ကို ပိတ်လိုက်သည်။

ဇန်နဝါရီလ ၂၇ ရက်တွင် ကံပေါက်ဒေသခံ ၁၀ဦးဝန်းကျင်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြန်သည်။

ယင်သို့ ဖြစ်စဉ်များဆက်တိုက်ဖြစ်ပွားနေချိန် ဇန်နဝါရီလ ၂၇ ရက် ညတွင် ဆယ်အိမ်စုရွာအုပ်ချုပ်ရေးမှူးတစ်ဦး ထပ်မံပစ်ခတ်ခံရခြင်းဖြစ်သည်။

ထိုနေ့တွင်ပင် ကံပေါက်နယ်မြေရဲစခန်းအနီးရှိ နေအိမ်တစ်လုံးကို စစ်ကောင်စီတပ်က ဝင်ရောက်ရှာဖွေခဲ့သေးသည်။

အထက်ပါပစ်ခတ်မှု ဖြစ်စဉ်အားလုံးကို မည်သည့်အဖွဲ့က လုပ်‌ဆောင်သည်ကို ယနေ့အချိန်အထိ ထုတ်ပြန်ခြင်း မရှိသေးပေ။

ကံပေါက်ဒေသခံများမှာ ဆိုင်ကယ်စီးခွင့် ပိတ်ခံထားရသဖြင့် ဘေးတွဲဆိုင်ကယ်၊ ထော်လာဂျီ၊ စက်ဘီး စသည်တို့ကို အသုံးပြုသွားလာနေကြရသည်။