သရက်ချောင်းမြို့နယ် ကင်းရှေ့ရွာတွင် ရွာသားနှစ်ဆယ်ခန့် ဖမ်းဆီးနှိပ်စက်ခံရ

0
2903

သရက်ချောင်းမြို့နယ် ကင်းရှေ့ရွာတွင် ဇန်နဝါရီလ ၂၅ ရက်နေ့ညနေပိုင်းက ရွာသူရွာသား နှစ်ဆယ်ခန့်ကို စစ်ကောင်စီတပ်ဖွဲ့များက ဖမ်းဆီးခဲ့ပြီးနှိပ်စက်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများကဆိုသည်။

ကင်းရှေ့ရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးအောင်မိုးကို လာရောက်ရှာဖွေစဉ် ကင်းရှေ့ရွာလမ်းတစ်လျှောက် တွေ့ရသည့်ဒေသခံများနှင့် ဦးအောင်မိုး၏ ဆွေမျိုးသားချင်းများကိုဖမ်းဆီးကာ ရိုက်နှက်ထုထောင်းခြင်း၊ သေနတ်ဖြင့်ပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

အဖမ်းခံရသူများတွင် အမျိုးသမီး ဆယ်ဦးခန့်နှင့် အမျိုးသား ဆယ်ဦးကျော်ပါဝင်ပြီး အုပ်ချုပ်ရေးမှူး၏ ညီမဖြစ်သူနှင့် ခယ်မဖြစ်သူကို ပါးနားရိုက်ခြင်း၊ သေနတ်ဖြင့်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုခြင်းများ ပြုလုပ်ခဲ့သည်ဟု ဒေသခံအချို့က ပြောသည်။

အမျိုးသား ၄ ဦးမှာလည်း ရိုက်နှက်ခံရပြီး ကိုဖိုးပိုက်ဆိုသည့် လူငယ်တစ်ဦးကို လက်ပြန်ကြိုးတုတ်ကာ ရိုက်နှက်ကန်ကျောက်ပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ပေါင်မှန်ခဲ့သည်ဟု ဒေသခံအချို့က ပြောသည်။

အုပ်ချုပ်ရေးမှူး၏ ခယ်မဖြစ်သူကို အုပ်ချုပ်ရေးမှူးအိမ်လိုက်ပြခိုင်းရာတွင် တခြားအိမ်ကိုလိမ်ပြီး ပြသ၍ဟုဆိုကာ ကားပေါ်မှဆွဲချပြီး ရိုက်နှက်မှုများ ပြုလုပ်ခဲ့သည်ဟု မျက်မြင်တွေ့ရှိသူက ပြောသည်။

“အဲ့အိမ်ကလူတွေကလည်း အုပ်ချုပ်ရေးမှူးအိမ်က ဘုန်းကြီးကျောင်းနားမှာဆိုပြောတော့ ကားပေါ်ကနေဆွဲချပြီး ရိုက်တယ်။ လိမ်ပြောတယ်ဆိုပြီး မျက်နှာကိုရိုက်တယ်။ ပါးတွေဆိုယောင်နေရော၊ ဒီနေ့တော့ နည်းနည်းသက်သာတယ်၊ ဆရာနဲ့လည်း ဆေးထိုးထားတယ်” ၎င်းက ပြောသည်။

အုပ်ချုပ်ရေးမှူး၏ ခယ်မဖြစ်သူနှင့် ကိုဖိုးပိုက်ဆိုသည့် လူငယ်အား မြေပြင်တွင်ဒူးထောက်ထိုင်ခိုင်းပြီး ဦးခေါင်းကို သေနတ်ဖြင့်တေ့ကာ မေးမြန်းစစ်ဆေးမှုများပြုလုပ်ခဲ့သည်ဟု မျက်မြင်တွေ့သူက ဆိုသည်။

မေးမြန်းနေစဉ်တွင် အမှန်တိုင်းမဖြေပါက သေနတ်ဖြင့်ပစ်မည်ဟုဆိုကာ ဦးခေါင်းကို သေနတ်ဖြင့်ချိန်ရွယ်ထားပြီး ၁ ကနေ ၁၀ အထိရေတွက်ကြောင်း၊ အမျိုးသမီးကို မပစ်သော်လည်း ကိုဖိုးပိုက်ကိုမူ ပစ်ခတ်ခဲ့သဖြင့် ပေါင်တွင် ကျည်ဆန်ထိမှန်ခဲ့သည်ဟု မျက်မြင်တွေ့ရှိသူက ဆိုသည်။

ဖမ်းဆီးထားသူအားလုံးကို အုပ်ချုပ်ရေးမှူးဖခင်၏အိမ်တွင် စုထည့်ပြီး အပြင်က သော့ခတ်ကာ လက်ပစ်ဗုံးပစ်ထည့်မည်ဟု ပြောဆိုကာ ထွက်သွားကြကြောင်း ဒေသခံအချို့က ပြောသည်။

စစ်ကောင်စီတပ်သည် ကား ၆ စင်းဖြင့် လာရောက်ပြီး ပြန်လည်ထွက်ခွာချိန်တွင် အုပ်ချုပ်ရေးမှူးအဖေအိမ်မှ ပစ္စည်းများကို ယူဆောင်သွားကြောင်း၊ ယင်းအပြင် ရွာအတွင်းမှ ဆိုင်ကယ်လေးစီး၊ ဖုန်းအလုံး ၂၀ ခန့်၊ ငွေနှင့် ရွှေတို့ပါယူဆောင်သွားကြောင်း ကိုယ်တွေ့ကြုံခဲ့ရသူတို့က ပြောဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့နှင့်အတူ ထားဝယ်စကားပြောဆိုသည့် ပျူစောထီးအဖွဲ့များလည်း ပါဝင်ပြီး ၎င်းတို့မှာ နေအိမ်များကို မွှေနှောက်ရှာဖွေခြင်း၊ ပစ္စည်းများကိုယူဆောင်ခြင်း၊ လူများကို ဖမ်းဆီးခြင်းများပြုလုပ်သည်ဟု ဒေသခံအချို့က ပြောဆိုသည်။

အုပ်ချုပ်ရေးမှူးဟောင်း ဦးအောင်မိုးမှာ အသက် ၅၀ ခန့်ရှိပြီဖြစ်ပြီး PDF များကိုထောက်ပံ့ ကျွေးမွေးနေသည်ဟု သတင်းရသဖြင့် ၎င်းနေထိုင်သည့်အိမ်ကို လာဝိုင်းကာ လူများကိုဖမ်းဆီးခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောဆိုသည်။