တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

0
2892

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဇန်နဝါရီ ၂၁ ရက်နေ့မှ ဇန်နဝါရီ ၂၇ ရက်နေ့အထိ

အစ္စရေးစစ်တပ်ရဲ့ ဝင်ရောက်စီးနင်းမှုကြောင့် ပါလက်စတိုင်း ၉ ဦးသေဆုံး

ပါလက်စတိုင်းနိုင်ငံ အနောက်ကမ်းခြေ မြောက်ပိုင်းမှာရှိတဲ့ ဂျန်နင်မြို့ကို အစ္စရေးစစ်တပ်က ဝင်ရောက်စီးနင်းသိမ်းပိုက်ခဲ့လို့ အသက် ၆၁ နှစ်အရွယ် အမျိုးသမီးတစ်ဦး အပါအဝင် ပါလက်စတိုင်း ၉ ဦးအထိ သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်းအာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

ဇန်နဝါရီလ ၂၆ ရက်နေ့ မနက်ပိုင်း တိုက်ခိုက်မှုကြောင့် လူ ၂၀ ဒဏ်ရာရရှိခဲ့ပြီး ၄ ဦးကတော့ ဒဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှုတွေ ပြုလုပ်ဖို့ စီစဉ်နေတဲ့ တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးဖို့ ယခုလိုစီးနင်းတိုက်ခိုက်ရတာလို့ အစ္စရေးစစ်တပ်က ပြောကြားခဲ့တာပါ။

ပါလက်စတိုင်းသမ္မတကတော့ အစ္စရေးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုလို့ စွပ်စွဲထားပြီး လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေကို အစ္စရေးနဲ့ ပူးပေါင်းညှိနှိုင်းတာတွေ အဆုံးသတ်တယ်လို့ ကြေညာခဲ့ပါတယ်။

အစ္စရေးစစ်တပ်က အကြမ်းဖက်ဝါဒ ဆန့်ကျင်ရေးဆိုင်ရာ ထိုးစစ်တစ်ခုလို့ သတ်မှတ်ထားပြီး သတ်မှတ်ထားတဲ့အတိုင်း ဆက်လက်လုပ်ဆောင်နေတာကြောင့် အနောက်ဘက်ကမ်းမှာ တင်းမာမှုတွေ မြင့်တက်နေခဲ့ပါတယ်။

Ref: BBC

………………………………..

အန္တာတိကမှာ လန်ဒန်မြို့အရွယ်အစားရှိ ရေခဲတောင်တစ်ခု ပြိုကျ

လန်ဒန်မြို့အရွယ်အစားခန့်ရှိတဲ့ ရေခဲတောင်တစ်ခုဟာ အန္တာတိကဒေသ ဘရန့်ရေခဲတောင်တန်း (Brunt Ice Shelf) ကနေ ဇန်နဝါရီလ ၂၂ ရက်နေ့က ပြိုကျခဲ့ပြီး မျောလာခဲ့တယ်လို့ ဗြိတိန်အန္တာတိက သုတေသနအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဆယ်စုနှစ်တွေတုန်းက ဘရန့်ရေခဲတောင်တန်းမှာ အက်ရာတွေ တွေ့ရှိခဲ့ပေမဲ့ ထင်ရှားမှုမရှိခဲ့ပဲ ပြီးခဲ့တဲ့ ၂ နှစ်ထဲမှာတော့ အက်ကွဲကြီး ၂ ခု ထပ်မံပေါ်ပေါက်လာခဲ့ပြီးတဲ့နောက် ယခုလို ပြိုကျခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ယခုပြိုကျခဲ့တဲ့ ရေခဲတောင်အပိုင်းက စတုရန်းမိုင် ၆၀၀ ဧရိယာဝန်းကျင် (၁၅၅၀ စတုရန်းကီလိုမီတာခန့်) ရှိပါတယ်။

ဒီရေခဲတောင်ပြိုကျမှုကို ပညာရှင်တွေက မျှော်လင့်ပြီးသားဖြစ်ပြီး ရာသီဥတုပြောင်းလဲမှုကြောင့်တော့ မဟုတ်ဘူးလို့ ဆိုထားပါတယ်။

ရေခဲတောင်ပြိုကျခဲ့လို့ အအေးပိုလာကာ ရာသီဥတုပြောင်းလဲမှုတွေ ဖြစ်ပေါ်လာမှာကိုတော့ ပညာရှင်များက စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

Ref: CNN

………………………………..

ယူကရိန်းကို တင့်ကား ၃၁ စီး ပေးပို့သွားမယ်လို့ အမေရိကန်ကြေညာ

အမေရိကန်ကနေ ဒေါ်လာ သန်းလေးရာ တန်ဖိုးရှိတဲ့ အမ်ဝမ်း အက်ဘရမ်စ် တင့်ကား ၃၁ စီးကို ယူကရိန်းနိုင်ငံသို့ ပေးပို့သွားမယ်လို့ ဇန်နဝါရီလ ၂၅ ရက်နေ့က သမ္မတ ဂျိုးဘိုင်ဒင်ကနေ ကြေညာခဲ့ပါတယ်။

ထိုတင့်ကားတွေကို ယူကရိန်းနိုင်ငံသားတွေ သူတို့ရဲ့ နယ်မြေကို ကာကွယ်ဖို့ လိုအပ်နေလို့ ပေးပို့သွားမှာဖြစ်ကြောင်း သမ္မတကနေ ပြောကြားခဲ့တာပါ။

ဘိုင်ဒင်က ယူကရိန်းထံ တင့်ကားတွေ ထောက်ပံ့ပေးမယ်လို့ ဂျာမနီရဲ့ ကြေညာချက်ကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

နေတိုး မဟာမိတ်တွေနဲ့ ဥရောပနိုင်ငံတွေကလည်း မြေပြင်တိုက်ပွဲမှာ အထောက်အကူဖြစ်စေမယ့် စစ်ဘက်ဆိုင်ရာ စက်ပစ္စည်းကိရိယာတွေကို ထောက်ပံ့ပေးနေတယ်လို့ ဆိုထားပါတယ်။

ကရင်မလင်းနန်းတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ ဒီတင့်ကားတွေက ယူကရိန်းမှာရှိတဲ့ တင့်ကားတွေလိုပဲ မီးလောင်ကျွမ်းသွားမှာလို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

Ref: CNA

………………………………..

နယူးဇီလန်ဝန်ကြီးချုပ်အဖြစ် ဟစ်ပ်ကင်းစ် ကျမ်းသစ္စာ ကျိန်ဆို

ခရစ်ဟစ်ပ်ကင်းစ်က နယူးဇီလန်နိုင်ငံရဲ့ ၄၁ ယောက်မြောက် ၀န်ကြီးချုပ်အဖြစ် ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ကျမ်းသစ္စာကျိန်ဆိုခဲ့တယ်လို့ သိရပါတယ်။

အသက် ၄၄ နှစ်အရွယ်ရှိတဲ့ မစ္စတာဟစ်ပ်ကင်းစ်က သူ့ရဲ့လက်ထက်မှာ နိုင်ငံရဲ့စီးပွားရေးကို အဓိကထား ဆောင်ရွက်သွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

လက်ရှိမှာတော့ အထွေထွေရွေးကောက်ပွဲကျင်းပဖို့ ကိုးလခန့်သာ လိုနေတာကြောင့် သူ့အနေနဲ့ ဝန်ကြီးချုပ်အဖြစ် ကိုးလခန့်သာ တာဝန်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။

သူက ဝန်ကြီးချုပ် ဂျက်စင်ဒါ အာဒန်လက်ထက်မှာ ပညာရေးနဲ့ ရဲဝန်ကြီးအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

ကိုဗစ်ကာလထဲ အကျပ်အတည်းတွေ ကိုင်တွယ်ဖြေရှင်းခဲ့တာတွေကြောင့်လည်း ထင်ရှားလာခဲ့သူတစ်ဦးဖြစ်ပါတယ်။

Ref: Nikkei Asia

………………………………..

ရုံတင်ငွေ ဒေါ်လာ ၂ ဘီလီယံ ကျော်သွားပြီဖြစ်သော Avatar-The Way of Water

Avatar 1 ရုံတင်ပြီးတဲ့နောက် ၁၃ နှစ်အကြာမှ ပြန်လည်ထွက်ရှိလာခဲ့တဲ့ Avatar-The Way of Water ရုံတင်ဇတ်ကားဟာ ယခုအပတ်အတွင်း ဒေါ်လာ ၂ ဘီလီယံကျော် သွားပြီဖြစ်တယ်လို့ သိရပါတယ်။

Avatar-The Way of Water ရုပ်ရှင်ဇတ်ကားဟာ စတင်ရုံတင်ပြသခဲ့တဲ့ ဒီဇင်ဘာလကနေစလို့ ခြောက်ပတ် ဆက်တိုက် ဝင်ငွေအကောင်းဆုံး နံပါတ် ၁ နေရာကို သိမ်းပိုက်နိုင်ခဲ့တဲ့ ရုပ်ရှင်ဖြစ်ခဲ့တာပါ။

ယခုထွက်ရှိထားတဲ့ ရုပ်ရှင်ဇတ်ကားအပြင် ဒါရိုက်တာ ဂျိမ်းစ် ကင်မရွန်ရဲ့ Avatar 1 နဲ့ Titanic တို့ကလည်း ရုံတင်ငွေ ဒေါ်လာ ၂ ဘီလီယံကျော် ရရှိထားတဲ့ ဇာတ်ကားများတွေဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ ရုံတင်ငွေ ဒေါ်လာ ၂ ဘီလီယံကျော် ရရှိထားတဲ့ ရုပ်ရှင်ဇာတ်ကား ၆ ကားရှိပြီး ၃ ကားကတော့ ဒါရိုက်တာ ဂျိမ်းစ် ကင်မရွန် ရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေ ဖြစ်ပါတယ်။

Ref: CNN

………………………………..

မြောက်ကိုရီးယားမှာ အပူချိန် အနုတ် ၃၀ ဒီဂရီဆဲလ်စီးယက်အထိ ကျဆင်း

မြောက်ကိုရီးယားနိုင်ငံရဲ့ အဆင်းရဲဆုံးဒေသဖြစ်တဲ့ မြောက်ပိုင်းဒေသတွေမှာ အပူချိန် အနုတ် ၃၀ ဒီဂရီဆဲလ်စီးယက်အထိ ကျဆင်းခဲ့တယ်လို့ နိုင်ငံပိုင်ရေဒီယိုက ထုတ်လွှင့်ခဲ့ပါတယ်။

မြို့တော် ပြုံယမ်းမှာတော့ အနုတ် ၁၉ ဒီဂရီဆဲလ်စီးယက်အထိ ကျဆင်းနိုင်တယ်လို့ ကြေညာထားတာပါ။

ကိုရီးယားကျွန်းဆွယ်မှာ အအေးလှိုင်းဖြတ်လို့ မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားနိုင်ငံတွေမှာ ရာသီဥတုဆိုင်ရာ သတိပေးချက်တွေ ထုတ်ပြန်ထားရတာပါ။

တရုတ်နိုင်ငံမြောက်ဖျားမှာ စံချိန်တင် အပူချိန်ကျဆင်းမှု ကြုံတွေ့နေပြီး ဂျပန်နိုင်ငံမှာလည်း ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံး အပူချိန်ကျဆင်းမှုကို ယခုသီတင်းပတ်မှာ ရင်ဆိုင်နေခဲ့ရပါတယ်။

Ref: The Washington Post

………………………………..

ထိုင်ခုံခါးပတ် မပတ်လို့ ဗြိတိန်ဝန်ကြီးချုပ် ဒဏ်ငွေချမှတ်ခံရ

ဗြိတိန်ဝန်ကြီးချုပ် ရစ်ရှီဆူနက်က ကားနောက်ခန်းမှာ လိုက်ပါနေတုန်း ထိုင်ခုံခါးပတ် ပတ်မထားပဲ ဗီဒီယိုတစ်ခုရိုက်ပြီး အင်စတာဂရမ်ပေါ် တင်ခဲ့ပါတယ်။

ဗီဒီယိုရိုက်နေချိန် ဆူနက်က လန်ကက်ရှိုင်းယားမှာ ရောက်နေတာကြောင့် လန်ကက်ရှိုင်းယားရဲတပ်ဖွဲ့ကနေ သူ့ကို ဒဏ်ငွေ ပေါင် ၁၀၀ ပေးဆောင်ဖို့ ချမှတ်ခဲ့တယ်။

ဒီအမှုက တရားရုံးအထိ ရောက်သွားရင် ဒဏ်ငွေ ပေါင် ၅၀၀ အထိတောင် ချမှတ်လို့ ရတယ်လို့ သိရပါတယ်။

ဆူနက်ကလည်း ထိုင်ခုံခါးပတ် မပတ်မိတဲ့ သူ့အမှားအတွက် တောင်းပန်ပြီး ဒဏ်ငွေကိုလည်း ပေးဆောင်သွားမယ်လို့ ဒေါင်းနင်းလမ်းနေအိမ်က ထုတ်ပြန်ခဲ့တယ်။

Ref: BBC

………………………………..

တူရကီမှာ ခရီးသည်တင်ဘတ်စ်ကား ရေကန်အတွင်း ထိုးကျ

တူရကီနိုင်ငံမှာ ခရီးသည် ၇ ဦးကို တင်ဆောင်လာတဲ့ ဘတ်စ်ကားတစီးက ဇန်နဝါရီ ၂၅ ရက်နေ့မှာ ကားသမားက ကားကို မထိန်းနိုင်တော့လို့ ရေလှောင်ကန်ထဲကို ထိုးကျသွားခဲ့တယ်လို့ သိရပါတယ်။

တူရကီနိုင်ငံအရှေ့ပိုင်း မာလတ်ယာမြို့ရှိ မြူနီစီပယ်ဘတ်စ်ကားဟာ ဆည်ရေကန်ကို ဖြတ်ကူးဖို့ ကူးတို့သင်္ဘောပေါ် တက်နေချိန်မှာ မတော်တဆမှု ဖြစ်ပွားခဲ့တာပါ။

ဘတ်စ်ကားအတွင်းမှ CCTV မှတ်တမ်းတွေအရ ဘတ်စ်ကား ပြုတ်ကျပြီးနောက် ကားထဲကို ရေတွေလျှံတက်လာခဲ့လို့ ယာဉ်မောင်းနဲ့ ခရီးသည်တွေ ထိတ်လန့်တကြား ဖြစ်နေခဲ့တယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်မှာ လူသေဆုံးမှုမရှိကြောင်းနဲ့ ခရီးသည်သုံးဦးကို ဆေးရုံတင်ထားပြီးတော့ အသက်အန္တရာယ် မစိုးရိမ်ရကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

Ref: FOX 9

………………………………..

ယူကေတွင် ရွှေ့ပြောင်းကလေးငယ် ၂၀၀ ခန့် ပျောက်ဆုံးနေ

ဗြိတိန်နိုင်ငံအတွင်းသို့ ဖြတ်ကျော်ဝင်ရောက်လာခဲ့တဲ့ ရွှေ့ပြောင်းကလေးငယ် အယောက် ၂၀၀ ဝန်းကျင်ဟာ ပျောက်ဆုံးနေကြောင်း လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ရောဘတ် ဂျန်ရစ်ခ်က ဗြိတိန်လွှတ်တော်အမတ်တွေကို ဇန်နဝါရီ ၂၄ ရက်မှာ ပြောကြားလိုက်ပါတယ်။

၂၀၂၁ ခုနှစ် ဇူလိုင်လကတည်းက ရွှေ့ပြောင်းကလေးငယ် ပျောက်ဆုံးမှုပေါင်း ၄၄၀ ရှိခဲ့ပြီး ပျောက်ဆုံးနေသူ ၂၀၀ ဝန်ကျင်မှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဂျန်ရစ်ခ်က ပြောပါတယ်။

ပျောက်ဆုံးနေတဲ့ ကလေးငယ်တွေရဲ့ ၈၈ ရာခိုင်နှုန်းဟာ ဆယ်ကျော်သက်အရွယ် အယ်လ်ဘေးနီးယားလူမျိုးတွေ ဖြစ်ပါတယ်။

အင်္ဂလိပ်ရေလက်ကြားကို လှေငယ်တွေနဲ့ ဖြတ်ကူးလာကြတဲ့ ရွှေ့ပြောင်းနေထိုင်သူ အရေအတွက် တဟုန်ထိုးတက်လာတာကြောင့် အစိုးရဟာ ခိုလှုံခွင့်တောင်းခံသူတွေကို နေရေးထိုင်ရေးကူညီဖို့ ၂၀၂၁ ခုနှစ် ဇူလိုင်လမှာ ဟိုတယ်တွေကို သုံးလာခဲ့ရပါတယ်။

Ref: CNN

………………………………..

ဆွီဒင် နေတိုးအဖွဲ့ဝင်လျှောက်ထားမှု တူရကီ ထောက်ခံမည်မဟုတ်

နေတိုးအဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်းနေတဲ့ ဆွီဒင်နိုင်ငံအနေနဲ့ သူ့ရဲ့ထောက်ခံမှုရရှိဖို့ မမျှော်လင့်နဲ့လို့ တူရကီသမ္မတ Recep Tayyip Erdogan က ဇန်နဝါရီလ ၂၃ ရက်နေ့မှာ သတိပေးပြောကြားလိုက်ပါတယ်။

ဆွီဒင်နိုင်ငံ၊ Stockholm မြို့က တူရကီသံရုံးရှေ့မှာ အစ္စလာမ်ဘာသာဝင်တွေရဲ့ ကျမ်းစာအုပ်မိတ္တူကို မီးရှို့ခဲ့တဲ့ဖြစ်ရပ်ပေါ်ပေါက်လာခဲ့ပြီးတဲ့နောက် သမ္မတက ပထမဆုံး ခုလိုတုံ့ပြန်ပြောဆိုလိုက်တာပါ။

စစ်ရေးအရ ကြားနေဝါဒကိုင်စွဲထားခဲ့တဲ့ ဆွီဒင်နဲ့ ဖင်လန်နိုင်ငံတို့က သမိုင်းဝင်ဆုံးဖြတ်ချက်ကို ပယ်ဖျက်ပြီး နေတိုးအဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်းနေကြတာမှာ တူရကီရဲ့ ထောက်ခံမှုကို မရရှိသေးတာပါ။

တူရကီနိုင်ငံမှာ သမ္မတနဲ့ ပါလီမန်ရွေးကောက်ပွဲတွေကျင်းပမယ့် မေလမတိုင်ခင် ဆွီဒင်နဲ့ ဖင်လန်နိုင်ငံတို့ နေတိုးအဖွဲ့ဝင်ဖြစ်ရေး အလားအလာတွေလည်း သမ္မတရဲ့ မှတ်ချက်စကားကြောင့် အလှမ်းဝေးသွားခဲ့တယ်လို့ ဆိုပါတယ်။

Ref: BBC

………………………………..