ဦးထွန်းမင်းလတ်ကို စွဲချက်တင်ထားသောအမှုများ တရားရုံးလက်ခံ၊ ပူးပေါင်းပါဝင်သူများကို သေဒဏ်ချ

0
2925

ဟိုတယ်ထားဝယ်ပိုင်ရှင် ဦးထွန်းမင်းလတ်အပေါ်တွင် စွဲချက်တင်ထားသော မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ ငွေကြေးခဝါချမှုနှင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများကို ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ဘန်ကောက်မြို့ရှိ ရာချဒါဖိဆက် ရာဇဝတ်မှုတရားရုံးမှ လက်ခံလိုက်ပြီဖြစ်ကြောင်း ထိုင်းတရားရေးကျွမ်းကျင်သူ Steven Sanyu က ရေးသားခဲ့သည်။

ယခင်က ဖမ်းမိခဲ့သော ဦးထွန်းမင်းလတ်နှင့် ဆက်နွယ်သူ ထိုင်းနိုင်ငံသား ၆ ဦးကိုလည်း မူးယစ်ဆေးဝါးမှုနှင့် ငွေကြေးခဝါချမှုများဖြင့် သုံးနှစ်ကျော်ကြာ စုံစမ်းစစ်ဆေးခဲ့ပြီးနောက် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် သေဒဏ်ချမှတ်ခဲ့ကြောင်း Steven Sanyu ကရေးသားခဲ့သည်။

လက်နက်ပွဲစားလည်းဖြစ်သူ မြန်မာစီးပွားရေးလုပ်ငန်းရှင် ဦးထွန်းမင်းလတ်ကို Allure Group မှလုပ်ဖော်ကိုင်ဖက် ထိုင်းနိုင်ငံသား ၃ ဦးနှင့်အတူ ပြီးခဲ့သောနှစ် စက်တင်ဘာ ၁၇ ရက်နေ့တွင် ဘန်ကောက်မြို၌ ထိုင်းရဲတပ်ဖွဲ့များက ဖမ်းဆီးခဲ့သည်။

အသက် ၅၃ နှစ်အရွယ် ဦးထွန်းမင်းလတ်ကို ထောင်ဒဏ် ၁၅ နှစ်မှ သေဒဏ်အထိ ချမှတ်နိုင်သော မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ ငွေကြေးခဝါကျမှု နှင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတို့ဖြင့် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် စွဲချက်တင်ထားခဲ့ခြင်းဖြစ်သည်။

ဦးထွန်းမင်းလတ်နှင့်အတူ အခြားအပေါင်းအပါ ၅ ဦးကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ရာချဒါဖိဆက် ရာဇဝတ်မှုတရားရုံးရှေ့မှောက်တွင် သံချေခြင်းဝတ်များဖြင့် ရုံးထုတ်စစ်ဆေးခဲ့သည်။

သို့သော်လည်း စွဲချက်များကို အပြစ်မရှိကြောင်း ရှေ့နေများမှတဆင့် လျှောက်လဲခဲ့သည်ကို Parachathai သတင်းဌာနက ဖော်ပြခဲ့သည်။

ဦးထွန်းမင်းလတ်အပါအဝင် မူးယစ်ဆေးဝါးအမှု၊ ငွေကြေးခဝါချမှုများဖြင့် စွဲချက်တင်ခံရသူများတွင် စုစုပေါင်း ၈ ဦးအထိရှိနေပြီး ၎င်းတို့တွင် ထိုင်းလွှတ်တော်အမတ်တစ်ဦး၏ သမက်လည်းပါဝင်နေခဲ့ကြောင်း Steven Sanyu ကရေးသားခဲ့သည်။

စွဲချက်တင်ခံထားရသူ ၈ ဦးအနက် ထိုင်းနိုင်ငံသား ၂ ဦးဖြစ်သူ အက်ဒီးနှင့် ကျွိုင်တို့မှာ လက်ရှိအချိန်အထိ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်သဖြင့် တရားစွဲဆိုနိုင်ခြင်းမရှိသေးကြောင်း ၎င်းက ရေးသားခဲ့သည်။

ယခင်က ဖမ်းဆီးရမိခဲ့သည့် ဦးထွန်းမင်းလတ်နှင့် Allure Group သို့ ငွေကြေးစီးဆင်းမှုများရှိနေခဲ့သော ထိုင်းနိုင်ငံသား ၆ ဦးကို မူးယစ်ဆေးဝါးမှုနှင့် ငွေကြေးခဝါချမှုများဖြင့် ၃ နှစ်ကြာစစ်ဆေးခဲ့ပြီးနောက် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် တရားရုံးက သေဒဏ်ပေးခဲ့ကြောင်း Steven Sanyu ကရေးသားခဲ့သည်။

သေဒဏ်ချမှတ်ခံထားရသူများတွင် ထိုင်းလွှတ်တော်အမတ်လည်းဖြစ်သူ ဦးထွန်းမင်းလတ်၏ စီးပွားဖက်လည်းဖြစ်သော ဥပါကစ်၏ အကြံပေးတစ်ဦးလည်း ပါဝင်နေခဲ့ကြောင်း Steven Sanyu ကရေးသားခဲ့သည်။

သေဒဏ်ချမှတ်ခံလိုက်ရသည့်ခြောက်ဦးတွင် တစ်ဦးလျှင် ဘဏ်စာရင်းပေါင်း ၁၀၀ ကျော်အထိရှိနေခဲ့ပြီး ဘဏ်စာရင်း တစ်ခုလျှင် ဘတ်သန်း ၁၀၀ ကျော်စီရှိနေခဲ့ကြောင်း ရေးသားထားသည်။

၎င်းတို့အားလုံးသည် မူးယစ်ဆေးဝါးမှရရှိသောငွေများကို လျှပ်စစ်ဓာတ်အားအရောင်းအဝယ်ကို အကြောင်းပြ၍ Allure Group ထံ တစ်ဦးနှင့်တစ်ဦး အဆင့်ဆင့် လွှဲပြောင်းခဲ့ကြကြောင်း ရေးသားထားသည်။

နောက်ဆုံးအဆင့်တွင် ဦးထွန်းမင်းလတ်နှင့် ဥပါကစ်၏ Allure Group ထံ လျှပ်စစ်ဓာတ်အားခဟုဆိုကာ ပြန်လွှဲခြင်းများ ပြုလုပ်ခဲ့ကြောင်း ရေးသားထားသည်။

လွှတ်တော်အမတ်ဖြစ်သူ ဥပါကစ်သည် စီးပွားဖက် ဦးထွန်းမင်းလတ်နှင့် ဆက်နွယ်နေသော အချက်အလက်များရှိနေခဲ့သဖြင့် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၃ ရက်နေ့တွင် ဖမ်းဝရမ်းထုတ်ခဲ့သော်လည်း နာရီပိုင်းအတွင်း ပြန်လည်ရုတ်သိမ်းခဲ့သည်။

ထိုင်းလွှတ်တော်အမတ် ဥပါကစ်နှင့် ဒေါက်တာထွန်းမင်းလတ်တို့သည် ထိုင်းနယ်စပ်အနီး ရှမ်းပြည်နယ်နယ်စပ်မြို့ တာချီလိတ်၌ တရားမဝင် ကာစီနိုလုပ်ငန်းလုပ်ကိုင်ရန် Allure အုပ်စုကို လုပ်ကိုင်နေကြကြောင်း Justice for Myanmar က ဆိုထားသည်။

၂၀၁၉ ခုနှစ်တွင် ထိုင်းလွှတ်တော်အမတ် ဥပါကစ်က Allure မှာပါဝင်ခဲ့သော ရှယ်ယာများကို ဦးထွန်းမင်းလတ်အတူ စွဲချက်တင်ခံထားရသော သမက်ဖြစ်သူထံသို့ လွှဲပြောင်းပေးခဲ့ကြောင်း Justice for Myanmar အရသိရသည်။

ဦးထွန်းမင်းလတ်၏ မူးယစ်ဆေးဝါးအမှုတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သားဖြစ်သူ ကိုအောင်ပြည့်စုံ ပိုင်ဆိုင်သော အိပ်ခန်း လေးခန်းပါ အဆင့်မြင့် ဇိမ်ခံကွန်ဒိုအခန်းတစ်ခန်းနှင့် သမီးဖြစ်သူ မခင်သီရိသက်မွန်၏ Siam Commercial Bank ၏ ဘဏ်စာအုပ်နှစ်အုပ်ကိုလည်း သိမ်းဆည်းရမိခဲ့သည်။