ကျိုက်ထိုတွင် ဘုရားဖူးကားပေါ် လက်နက်ကြီးကျည်ကျ ၁ ဦးသေ၊ ၇ ဦး ဒဏ်ရာရ

0
3380

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် မုပ္ပလင်ကျေးရွာ ရန်ကုန်-မော်လမြိုင် ကားလမ်းဆုံနေရာတွင် ဘုရားဖူးကားတစ်စီးအပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုဖြစ်ပြီး ဘုရားဖူး ၁ ဦးသေဆုံးကာ ၇ ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု သိရသည်။

မကွေးတိုင်း‌ဒေသကြီး နတ်မောက်မှ မွန်ပြည်နယ်သို့ ဘုရားဖူးလာသည့် Light Truck အမျိုးအစားကားသည် မနေ့ (ဇန်နဝါရီ ၂၅) နေ့လယ် ၁၂ နာရီအချိန်ခန့်က မုပ္ပလင်ကျေးရွာ ကားလမ်းဆုံနေရာတွင် ၄၀ မမ ကျည်ကျရောက် ပေါက်ကွဲခဲ့သည်ဟု ဒေသခံများကပြောသည်။

လူ ၁၂ ဦး စီးနင်းလိုက်ပါလာသည့် အဆိုပါ ဘုရားဖူးကားပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ယာဥ်ပေါ်ပါ အမျိုးသား ၁ ဦး သေဆုံးပြီး၊ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

“ဘုရားဖူးကားပေါ် ကျည်ကျပေါက်ကွဲတဲ့ဖြစ်ရပ်မှာ ဘာတိုက်ပွဲမှမရှိဘဲ လက်နက်ကြီးက ကျလာတာ၊ ဘယ်ကနေ ပစ်လာတာလဲတော့ ကျွန်တော်တို့လည်း မသိဘူး။ ဘုရားဖူးအမျိုးသား တစ်ဦးတော့ သေသွားတယ်” ဟု မုပ္ပလင်ဒေသခံတစ်ဦးက ဆိုသည်။

လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာရရှိခဲ့သူများကို လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ အကူအညီဖြင့် ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြသည်ဟုလည်း သိရသည်။

ဘုရားဖူးကားပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုဖြစ်စဥ်နှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်က KNU, PDF ပူးပေါင်းတပ်ဖွဲ့တို့ လက်ချက်ဟု ပြောဆိုနေသလို KNU, PDF ပူးပေါင်းတပ်ဖွဲ့တို့ဘက်ကလည်း စစ်ကောင်စီပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ဟုဆိုကာ နှစ်ဖက် အပြန်အလှန်စွပ်စွဲနေကြသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာလကလည်း ကျိုက်ထီးရိုး ကင်မွန်းစခန်းတောင်တက်ကားဂိတ်တွင် ပစ်ခတ်မှုဖြစ်ပွားပြီး ဘုရားဖူး ၃ ဦး သေဆုံးကာ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ကင်းမွန်းစခန်း တောင်တက်ကားဂိတ် ပစ်ခတ်မှုဖြစ်စဥ်တုန်းကလည်း စစ်ကောင်စီတပ်နှင့် ကရင်ပူးပေါင်းအဖွဲ့တို့အကြား အပြန်အလှန်စွပ်စွဲခဲ့ကြသည်။

ရန်ကုန်-မော်လမြိုင် ကားလမ်းပိုင်း သထုံ၊ ဘီးလင်းနှင့် ကျိုက်ထိုမြို့နယ်တွင် ပစ်ခတ်တိုက်ခိုက်မှု မကြာခဏ ဖြစ်ပွားလေ့ရှိပြီး ခရီးသည်တင်ကား ပစ်ခတ်ခံရသည့်ဖြစ်စဥ်များလည်း ရှိခဲ့သည်။