လူကုန်ကူးခံခဲ့ရသော မလေးရှားနိုင်ငံသားတစ်ဦးက ပြောပြခဲ့သည့် မြဝတီမြို့က နှိပ်စက်နည်းများ

0
2855

အသက် ၂၀ နှစ်အရွယ် မလေးရှားနိုင်ငံသား မိုဟာမက် ဖာဟန် အက်ဇ်မန်း (Mohamad Farhan Azman) မှာ စက်တင်ဘာလအတွင်းက မြန်မာနိုင်ငံ မြဝတီမြို့အနီးရှိ KK park သို့ လူကုန်ကူးခံခဲ့ရပြီး နှိပ်စက်ညှင်းပန်းခံခဲ့ရသည်။

စင်ကာပူနိုင်ငံတွင် ဝင်ငွေကောင်းကောင်းဖြင့် ဟိုတယ်လုပ်ငန်းလုပ်ကိုင်ရန်အတွက် ၎င်းနှင့်အတူ သူငယ်ချင်းဖြစ်သူ ၄ ဦးတို့သည် သွေးဆောင်ဖြားယောင်းခံခဲ့ရပြီးနောက် မြန်မာနိုင်ငံတွင် ဒီဂျစ်တယ်ငွေကြေး ရာဇဝတ်မှုများ ကျူးလွန်ဖို့ ရောင်းစားခံခဲ့ရကြောင်း ၎င်းကရှင်းပြခဲ့သည်။

စက်တင်ဘာ ၁၃ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိလာခဲ့ပြီး ဟိုတယ်တွင် တစ်ညအိပ်ခဲ့ကာ မြန်မာနိုင်ငံနယ်စပ်နှင့် ထိစပ်နေသည့် ယာတောထဲသို့ ကားဖြင့်ပို့ဆောင်ခြင်းခံခဲ့ရသည်။

ထိုအချိန်မှစ၍ ဖာဟန်သည် တစ်ခုခုမှားယွင်းနေပြီဟု ခံစားလာခဲ့ရပြီး ၎င်းတို့သည် ရောင်းစားခံလိုက်ရပြီဟု ထင်မှတ်လာခဲ့ကြောင်း ဆိုသည်။

၎င်းတို့ကိုခေါ်ဆောင်လာရာတွင် မြစ်တစ်စင်းဆီရောက်လာပြီးနောက် လှေပေါ်သို့ လက်နက်ကိုင်တစ်စုက အတင်းအကျပ်တက်ခိုင်းခဲ့ကာ မိနစ် ၂၀ ခန့်ကြာပြီးနောက် မြန်မာနိုင်ငံဖက် KK park သို့မဟုတ် KK Garden သို့ရောက်ရှိသွားကြောင်း ဖာဟန်က ဆိုသည်။

KK park သည် မြဝတီမြို့အနီး အရှေ့တောင်ဘက်တွင် တည်ရှိပြီး မလေးရှား၊ ထိုင်ဝမ်နှင့် အိန္ဒိယ နိုင်ငံသားအများစု လူကုန်ကူးခံထားရကာ ဆိုက်ဘာငွေကြေးလိမ်လည်မှုများ လုပ်ကိုင်နေခဲ့ကြောင်း Nikkei Asia က ဖော်ပြထားသည်။

ဖာဟန်သည် အခြားမလေးရှားနိုင်ငံသား ၅ ဦးတို့နှင့်အတူ ပြီးခဲ့သည့်လ (ယခင်နှစ် ဒီဇင်ဘာလ)က လူကုန်ကူးခံရခြင်းမှ ပြန်လည်လွတ်မြောက်လာခဲ့ကြပြီး မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ်သို့ ရောက်သောအခါ လေဆိပ်ကြမ်းပြင်နှင့် ၎င်း၏နဖူးကို ဦးတိုက်ခဲ့သူဖြစ်သည်။

ဖာဟန်သည် အခြားမလေးရှားနိုင်ငံသား ၁၅ ဦးနှင့်အတူ KK park တွင် လူကုန်ကူးရောင်းစားခြင်းခံခဲ့ရပြီး အကျဉ်းထောင်ပုံစံ အဆောင်များတွင် နေထိုင်ခဲ့ရကာ နည်းအမျိုးမျိုးဖြင့် နှိပ်စက်ညှင်းပန်းခံခဲ့ရသော အတွေ့အကြုံများကို မလေးရှားသတင်းဌာန Berita Harian သို့ ပြန်လည်ပြောပြခဲ့သည်။

ဖာဟန်နှင့်အတူ လူကုန်ကူးခံရသူများသည် အနောက်နိုင်ငံများထံသို့ ပစ္စည်းအတုများ လိမ်လည်ရောင်းချရပြီး ထိုမှတစ်ဆင့် ဘဏ်အကောင့်များရရှိလာကာ ငွေကြေးများလိမ်လည်ရယူကြရခြင်းဖြစ်သည်။

လူကုန်ကူးခံရသူများသည် ဆိုင်ဘာငွေကြေးလိမ်လည်မှုလုပ်ငန်းများကို တစ်နေ့လျှင် ၁၅ နာရီအထိ လုပ်ကိုင်ခဲ့ကြရပြီး လုပ်ကိုင်ရန် ငြင်းဆန်မိပါက ခန္ဓာကိုယ်ရှိ ကိုယ်တွင်းအင်္ဂါများကို ရောင်းချမည်ဟု ခြိမ်းခြောက်ခြင်းခံခဲ့ရသည့်အပြင် နှိပ်စက်ခံရကြောင်း ကယ်ဆယ်ခဲ့သူတစ်ဦးက ဆိုသည်။

ငွေကြေးလိမ်လည်မှုတွင် သတ်မှတ်ထားသော ပမာဏ မလေးရှား ရင်းဂစ် ၃၀၀၀၀ (ဒေါ်လာ ၃၀၀၀ ကျော်) မပြည့်မီပါက ပလတ်စတစ် ပိုက်လုံးအပါအဝင် နည်းမျိုးစုံဖြင့် ရိုက်နှက်နှိပ်စက်ခံခဲ့ရပြီး အစားအသောက် အငတ်ထားခဲ့ကြောင်း ဆိုသည်။

၎င်းတို့ကို ၄ မီတာမြင့်သော နံရံနှင့် သံဆူးကြိုးများကာရံထားသော အကျဉ်းထောင်ကဲ့သို့နေရာတွင် ထားရှိခဲ့ပြီး ကြွက်သားနှင့် ဝက်သားများကိုလည်း အတင်းအကျပ် စားခိုင်းစေခြင်းများ ကြုံခဲ့ရကြောင်း ၎င်းကရှင်းပြသည်။

ကယ်ဆယ်ခဲ့သူတစ်ဦး၏ ပြောပြချက်အရ နှိပ်စက်နည်းတစ်မျိုးတွင် ရေ ၂၀ လီတာပါသော ရေဘူးကို လှေကားအတက်အဆင်း အတင်အချလုပ်ခိုင်းခဲ့ပြီး ထွက်ပြေးဖို့ကြိုးစားပါက အိပ်ယာပေါ်တွင် တစ်လကျော်အထိ ကြိုးတုပ်ထားသည်ဟုဆိုသည်။

လူကုန်ကူးခံရသော မိန်းကလေးများမှာလည်း လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုကျင့်ခံနေရပြီး စောင့်ကြည့်နေသော လက်နက်ကိုင်များအပါအဝင် ရာဇဝတ်အဖွဲ့အစည်းများ၏ လိင်လုပ်သားအဖြစ် စေခိုင်းခံနေရကြောင်း ဖာဟန်က ဆိုခဲ့သည်။

လိင်လုပ်သားအဖြင့် လူကုန်ကူးခံရသူများအတွင် အသက်မပြည့်သေးသော မိန်းကလေးငယ်များပါ ပါနေခဲ့ကြောင်း ၎င်းတို့အုပ်စုတွင် အသက် ၁၈ နှစ်မှ ၂၆ နှစ်ကြား ရှိသူများပါဝင်နေကြပြီး လက်နက်ကိုင်တပ်ဖွဲ့များက အနီးကပ်စောင့်ကြည့်နေခဲ့သဖြင့် ထွက်ပြေးဖို့ မတတ်နိုင်ခဲ့ကြောင်း ဆိုသည်။

ဖာဟန်က သူလွတ်မြောက်ရန်အတွက် မလေးရှားရင်းဂတ် ၁၅၀၀၀ ဖြင့် ပြန်ရွေးဖို့ အမေဖြစ်သူထံ ဆက်သွယ်ခဲ့ရကြောင်း ဆိုသည်။

ဖာဟန်လူကုန်ကူးခံရသော မြဝတီမြို့အနီးရှိ KK park တွင် မလေးရှားနိုင်ငံသား ၁၀၀၀ ခန့်အထိ ပိတ်မိနေခဲ့ကြောင်း ကယ်ဆယ်ခဲ့သူက ဆိုခဲ့သည်။

 ဖာဟန်နှင့် သူငယ်ချင်းများမှ စင်ကာပူနိုင်ငံတွင် အလုပ်လုပ်ရမည်ဟုဆိုသော်လည်း ဘန်ကောက်သို့ ရောက်ရှိသွားရသည့် အကြောင်းအရင်းကိုမူ ဖော်ပြထားခြင်းမရှိပေ။

ဝင်ငွေကောင်းကောင်း မက်လုံးများဖြင့် လူမှောင်ခိုအဖွဲ့များ၏ သွေးဆောင်ခံခဲ့ရပြီး ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ထိုင်းနိုင်ငံများသို့ လူကုန်ကူးခံခဲ့ရသော မလေးရှားနိုင်ငံသား ၃၀၀၀ ခန့်ရှိနေကြောင်း Coconut KL သတင်းဌာနက ခန့်မှန်းထားသည်။

မလေးရှား လွှတ်တော်အမတ်ဖြစ်သူ Sim Chon Siang က KK Garden တစ်ဖက်ကမ်းအထိသွား၍ အဓမ္မလူကုန်ကူးမှုနှင့် ဆိုက်ဘာငွေကြေးလိမ်လည်မှုများ ရှိနေခဲ့ကြောင်းကို ဗီဒီယိုဖြင့် သတိပေးထားခဲ့သည်။

Ref: Coconut KL, The Straits Time, Nikkei Asia