လောင်းလုံး၊ ကျောက်နီမော်ရွာတွင် နေအိမ်ချိပ်ပိတ်ခံရပြီး အမျိုးသမီးနှစ်ဦးဖမ်းဆီးခံရ

0
2690

လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာတွင် ဇန်နဝါရီလ ၂၄ ရက် ညနေပိုင်းက နေအိမ်တစ်လုံးကို စစ်ကောင်စီ တပ်ဖွဲ့က လာရောက်ချိပိပိတ်သွားကြောင်း ဒေသခံအချို့နှင့် နေအိမ်ပိုင်ရှင်တို့က ပြောသည်။

အသက် ၄၅ နှစ်အရွယ် ဦးဇော်ဦး၏ နေအိမ်ချိပ်ပိတ်ခံရခြင်းဖြစ်ပြီး ၎င်းမှာ လှေပဲ့နင်းအလုပ် လုပ်ကိုင်သူဖြစ်ကာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျေးရွာတွင် နေထိုင်ခြင်းမရှိတော့ကြောင်း ဒေသခံအချို့က ဆိုသည်။

ဦးဇော်ဦး၏ နေအိမ်ကို စစ်ကောင်စီတပ်သားများနှင့် ရွာခံပျူစောထီးအဖွဲ့က ဝင်ရောက်ရှာဖွေမှုများပြုလုပ်ခဲ့ပြီး နေအိမ်ချိပ်ပိတ်ကြောင်းစာပြား ချိတ်ဆွဲသွားခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

နေအိမ်ချိပ်ပိတ်ခံရသည်ကို ဇန်နဝါရီလ ၂၄ရက် ညနေ ၃နာရီခွဲဝန်းကျင်တွင် သိရခြင်းဖြစ်ကြောင်း ဦးဇော်ဦးက ဆိုသည်။

“ပထမတစ်ခါတုန်းက ကျွန်တော့်အိမ်ကို ဓာတ်ပုံလာရိုက်သွားတယ်ဆိုတာလောက်ပဲ။ အခုကတော့ အိမ်ကို ချိပ်ပိတ်သွားပြီဆိုပြီး သိရတယ်ပေါ့လေ” ဟု ၎င်းက ပြောဆိုသည်။

နေအိမ်ကို ချိပ်ပိတ်ပြီးနောက် အိမ်နီးနားချင်းက အမျိုးသမီးနှစ်ဦးကို ဖမ်းဆီးသွားကြောင်း ဦးဇော်ဦးက ပြောသည်။

အမျိုးသမီးနှစ်ဦးအနက် အသက် ၄၇နှစ်အရွယ် အမျိုးသမီးမှာ ဦးဇော်ဦး၏ အစ်မဝမ်းကွဲတော်စပ်သူဖြစ်ပြီး နောက်တစ်ဦးမှာ အိမ်နီးနားချင်း အသက် ၂၀ အရွယ် အမျိုးသမီးငယ် မအိအိဖြိုးဆိုသူဖြစ်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါအမျိုးသမီးနှစ်ဦးကို မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးသွားကို မသိရကြောင်း ၎င်းက ပြောဆိုသည်။

နေအိမ်ကိုမူ ဦးဇော်ဦးသည် စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်သူများနှင့် ပတ်သက်သည်ဆိုသည့်စွပ်စွဲချက်ဖြင့် ချိပ်ပိတ်သွားခြင်းဖြစ်ကြောင်း စာပြားတွင်ရေးသားထားသည်ဟု ကာယကံရှင်က ဆက်လက်ပြောဆိုသည်။

ကျောက်နီမော်ရွာသည် လောင်းလုံးမြို့နယ်တွင် ပျူစောထီးအားအကောင်းဆုံးရွာတစ်ရွာဖြစ်သည်။ ကျောက်နီမော်ရွာမှာ ထားဝယ်မြို့နှင့် ၃၉ မိုင်ခန့်အကွာတွင် တည်ရှိပြီး ရေလုပ်ငန်းကို အဓိကထား လုပ်ကိုင်သည့် ကျေးရွာဖြစ်သည်။

ကျောက်နီမော်ရွာတွင် ပျူစောထီးအဖွဲ့ ဒုခေါင်းဆောင် ဦးစိုးသန်း၏ သမီးနှင့် မြေးနှစ်ဦးတို့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်က ထားဝယ်သို့ ကင်းမွန်တက်ရောင်းစဉ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ခုက ဖမ်းဆီးသွားခဲ့ပြီး မြေးတစ်ဦးကိုမူ ဖမ်းဆီးပြီး ၁၀ ရက်ခန့်အကြာ ပြန်လွှတ်ပေးသည့် ဖြစ်စဉ်ရှိခဲ့သည်။