ပုဂေါ်ဇွန်းရွာတွင် ဆီအုန်းခြံမီးလောင်နေ

0
2870

ရေဖြူမြို့နယ် ပုဂေါဇွန်းရွာအပြင်ဘက်က ဆီအုန်းခြံတွင် ယနေ့ ဇန်နဝါရီလ ၂၅ နံနက်ပိုင်းတွင် မီးလောင်နေကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ နံနက် ၁၀ နာရီ ၄၀ မိနစ်ဝန်းကျင်တွင် မီးစတင်လောင်ကျွမ်းခြင်းဖြစ်ပြီး ယင်းခြံထဲရှိ နေအိမ်များလည်း မီးလောင်နေကြောင်း ၎င်းတို့ထံမှ သိရသည်။

နေ့လယ် ၁၂ နာရီဝန်းကျင်အထိ နေအိမ်သုံးလုံးနှင့် မွေးမြူရေးခြံတစ်ခု မီးလောင်ပြာကျသွားပြီဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

“မီးက ဆီအုန်းပင်ပေါ်ကနေ ခုန်ခုန်ပြီး လောင်နေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ မီးလောင်နေသည် ဆီအုန်းတော တစ်ဝိုက်တွင် မွေးမြူရေးခြံအချို့အပါဝင် နေအိမ်ငယ် အလုံး ငါးဆယ်ထက်မနည်း ရှိနေကြောင်း ဒေသခံများက ပြောဆိုသည်။

“တချို့အိမ်တွေကတော့ ခေါင်မိုးဖျက်သူဖျက်၊ ပစ္စည်းတွေသယ်သူကသယ် လုပ်နေကြတယ်” ဟု ပုဂေါဇွန်းရွာသူ အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါမီးသည် ယနေ့ နေလည် ၁၂ နာရီကျော်အထိ လောင်ကျွမ်းနေဆဲဖြစ်ပြီး ရေဖြူမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံပရဟိတအသင်းအဖွဲ့များနှင့် ရွာသူရွာသားများ ပူပေါင်း ငြှိမ်းသတ်နေကြကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါဆီအုန်းခြံအနီးတစ်ဝိုက်တွင် ဇန်နဝါရီလ ၂၄ ရက်က တောမီးလောင်ခဲ့သေးပြီး ဒေသခံများ သွားရောက်ငြှိမ်းသတ်ခဲ့ကြကြောင်း ၎င်းတို့ထံမှသိရသည်။

ယခု ဆီအုန်းခြံ မီးလောင်မှုမှာ မည်သည့်အကြောင်း လောင်ကျွမ်းသည်ကိုမူ မသိရသေးကြောင်း ဒေသခံတို့က ပြောဆိုသည်။