ကံပေါက်ဒေသတွင် အုပ်ချုပ်ရေးမှူးအပါအဝင် သုံးဦးပစ်ခတ်ခံရ၊ တစ်ဦးသေဆုံး

0
2753

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသရှိ ဇာဒီနှင့် ကံပေါက်ကျးရွာအုပ်စုတို့တွင် ယနေ့ ဇန်နဝါရီလ ၂၅ရက်က အမျိုးသားသုံးဦး ပစ်ခတ်ခံရပြီး တစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရကြောင်း စုံစမ်းသိရှိရသည်။

ကံပေါက်ကျေးရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးခင်စိုးနှင့် အခြားအမည်မသိရ‌သေးသည့် အမျိုးသားတစ်ဦး၊ ဇာဒီရွာက အသက် ၆၀ ဝန်းကျင်အရွယ် အုပ်ချုပ်ရေးမှူးဟောင်းဟုဆိုသူ ဦးအေးဟန်တို့ ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

ပစ်ခတ်မှုကြောင့် ဦးအေးဟန် သေဆုံးခဲ့ပြီး ကံပေါက်ရွာက ဦးခင်စိုးနှင့် အခြားအမျိုးသားတစ်ဦးတို့မှာ ဒဏ်ရာရရှိကြောင်း ၎င်းတို့က ဆိုသည်။

ဇာဒီကျေးရွာအုပ်စု သစ်လှတောရပ်ကွက်ရှိ ဦးအေးဟန် နေအိမ်သို့ ယနေ့နံနက် ၁၀ နာရီကျော်က အမည်မသိ လက်နက်ကိုင် ခြောက်ဦးရောက်လာပြီး ‌အိမ်ပေါ်မှာခေါ်ချကာ ပစ်သတ်ခဲ့ကြောင်း ရွာခံတစ်ဦး ပြောဆိုသည်။

ဦးအေးဟန်မှာ စစ်အစိုးရလက်ထက်က အုပ်ချုပ်ရေးမှူး တာဝန်ယူခဲ့သူဖြစ်ပြီး လက်ရှိတွင် ကျေးရွာ ပျူစောထီး ခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း ဒေသခံအချို့က ပြောဆိုကြသလို အချို့ကမူ အုပ်ချုပ်ရေးမှူး မဟုတ်ဘဲ စစ်ကောင်စီတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးဖြစ်ကြောင်း ပြောဆိုကြသည်။

သို့သော်သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

နေ့လယ် ၁၂ နာရီခန့်တွင်မူ ဇာဒီရွာနှင့် ၈ မိုင်ခန့်အကွာရှိ ကံပေါက်ကျေးရွာတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးခင်စိုးကိုလည်း အရပ်ဝတ်သေနတ်သမားတို့က နေအိမ်တွင် လာရောက်ပစ်ခတ်ခဲ့သဖြင့် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

ယင်းပစ်ခတ်မှုတွင် ဦးခင်စိုးအား ဆိုင်ကယ်မောင်း ပို့ပေးလေ့ရှိသူ အမျိုးသာတစ်ဦးလည်း ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ဆိုသည်။

၎င်းတို့နှစ်ဦးစလုံးကို မောရဝတီရေတပ်ဆေးရုံသို့ ပို့ဆောင်သွားကြောင်း ဒေသခံတို့က ပြောဆိုသည်။

ဦးခင်စိုးမှာ အာဏာသိမ်းပြီးနောက် ကံပေါက်ကျေးရွာအုပ်စု၏ ဒုတိယမြောက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဖြစ်ပြီး ငါးလုပ်ငန်းဦးစီးဌာနမှ အငြိမ်းစားတစ်ဦးလည်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။

မည်သည့်အဖွဲ့က လာရောက်ပစ်ခတ်သည်ကိုမူ မသိရသေးပေ။

“လာပစ်တဲ့သူတွေက PDF တွေလို့တော့ ပြောနေကြတယ်။ ဘယ်အဖွဲ့ကလဲဆိုတာတော့ ဘယ်သူမှမသိဘူး” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ပစ်ခတ်မှုအပြီး ကံပေါက်ကျေးရွာနှင့် ဇာဒီကျေးရွာတို့ကို မောရဝတီရေတပ်နှင့် ခလရ ၂၇၃ က စစ်ကောင်စီတပ်ဖွဲ့ဝင်များ လာရောက်စစ်ဆေးခဲ့ကြောင်း ဒေသခံအချို့ကထံမှ သိရသည်။