ထားဝယ်တွင် ကလေးမွေးစရိတ် ကျပ်သိန်းချီပေးနေရ၍ အခြေခံလူတန်းစားများ အခက်ကြုံ

0
2679

အာဏာသိမ်းပြီးနောက်ပိုင်း ကုန်ဈေးနှုန်းမြင့်တက်လာမှုနှင့်အတူ ကလေးမွေးဖွားစရိတ်လည်း ကျပ်သိန်းချီ ဈေးမြင့်တက်လာခဲ့သည်။

အာဏာမသိမ်းခင် ၂၀၂၁ ခုနှစ်နောက်ပိုင်းက ထားဝယ်မြို့ပေါ်ရှိ ပုဂ္ဂလိကဆေးရုံတွင် ကလေးမွေးဖွားစရိတ်မှာ ဗိုက်ခွဲမွေးမည့်သူများအတွက် ၆၀၀၀၀၀ ကျပ်မှ ၉၀၀၀၀၀ ကျပ်အကြားတွင်သာရှိခဲ့သည်။

အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် မှ ယနေ့အချိန်အထိမူ အနိမ့်ဆုံးမှာ ကျပ် ၇၀၀၀၀၀ သိန်းကျော်မှ ကျပ်ဆယ်သိန်းကျော်အထိရှိလာသည်။

ခွဲမွေးရန်နှုန်းထားမှာ တစ်သိန်းခွဲအထိ ထပ်မံဈေးမြင့်တက်သွားပြီး ရိုးရိုးမွေးဖွားစရိတ်မှာလည်း အလားတူမြင့်တက်လာခဲ့သည်။

အာဏာမသိမ်းခင်က ရိုးရိုးမွေးမည့်သူအတွက် အနိမ့်ဆုံးဈေးနှုန်းမှာ အနိမ့်ဆုံး ၃၀၀၀၀၀ ကျပ်မှ အမြင့်ဆုံး ၆၀၀၀၀၀ ကျပ်ဖြစ်သည်။ အာဏာသိမ်းပြီးနောက်ပိုင်းတွင် အနိမ့်ဆုံး ၃၆၀၀၀၀ ကျပ်မှ အမြင့်ဆုံး ၆၀၀၀၀၀ ကျော်ဖြစ်လာသည်။

ဖော်ပြပါဈေးနူန်းများမှာ ထားဝယ်မြို့ရှိ ပုဂ္ဂလိကဆေးရုံးများက ထုတ်ပြန်ထားသည့် အချက်အလက်များဖြစ်သည်။

ယင်းနှုန်းထားတွင် ကလေးမီးဖွားစရိတ် သက်သက်သာရှိသေးပြီး ခရီးစရိတ်၊ အခြားဆေးဖိုးဝါးခ၊ ကလေးအသုံးအဆောင် စသည့်စရိတ်များမပါဝင်သေးပေ။

ပုဂ္ဂလိကဆေးရုံတွင် ကလေးမီးဖွားဖူးသူတို့၏အဆိုအရ အမှန်တကယ်ဆေးရုံတက်ပါက ထုတ်ပြန်ထားသည့် ဈေးနူန်းထက် ပိုမိုကုန်ကျကြောင်း ပြောဆိုကြသည်။

“သူတို့က ဆယ်သိန်းလို့ ကြေညာထားရင် တကယ်တမ်း ပိုက်ဆံရှင်းလို့ရှိရင် ဆယ်နှစ်သိန်းလောက်ဖြစ်သွားတယ်။ ဆေးရုံမှာ မီးဖွားစရိတ်ပဲရှိသေးတယ်အဲဒါက။ ကလေးအတွက်ဝယ်တာ၊ ခြမ်းတာတွေမပါသေးဘူး။ အားလုံးပေါင်းလိုက်မယ်ဆို ဆယ့်ငါးသိန်းလောက်ကို ဖြစ်သွားတယ်” ဟု ဒေါ်ညိုညိုဝင်းကဆိုသည်။

ဒေါ်ညိုညိုဝင်းမှာ ထားဝယ်မြို့ရှိ ပုဂ္ဂလိကဆေးရုံတစ်ခုတွင် ဇန်နဝါရီလအတွင်းက ဗိုက်ခွဲမီးဖွားထားသူတစ်ဦးဖြစ်သည်။

အာဏာသိမ်းမှုကို ဆန့်ကျင့်သည့် CDM ကျန်းမာရေးဝန်ထမ်းများနေရာတွင် စစ်ကောင်စီက ယနေ့အချိန်အထိ အပြည့်အဝခန့်ထားနိုင်ခြင်း မရှိသေးပေ။

တိုင်းအတွင်းရှိ မြို့နယ်ဆေးရုံအချို့တွင်လည်း ကျန်းမာရေးဝန်ထမ်းအခြေအနေအရ ကလေးမွေးခြင်းကို ရပ်ဆိုင်းထားသည်မှာ နှစ်နှစ်နီးပါးရှိလာပြီဖြစ်သည်။

ယင်းကြောင့်ထားဝယ်ခရိုင်အတွင်းရှိ ပြည်သူအများစုမှာ ငွေကုန်ကြေးကျများသည့် ထားဝယ်မြို့ပေါ်ရှိ ပုဂ္ဂလိကဆေးရုံကို အားထားနေကြရသည်။

“ဆေးရုံတက်ဖို့ ထားဝယ်သွားရင် ကားငှားစရိတ်တောင် အသွားအပြန် တစ်သိန်းကျော်ကုန်တယ်” ဟု လောင်းလုံးမြို့နယ်မှ ကိုယ်ဝန်ဆောင်တစ်ဦးကဆိုသည်။

တနင်္သာရီတိုင်း ပြည်သူကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကမူ ထားဝယ်ပြည်သူ့ ဆေးရုံကြီးတွင်လည်း ကလေးမွေးဖွားခြင်းကို ဆောင်ရွက်ပေးနေကြောင်း ပြောဆိုသည်။

အခြားမြို့နယ်ဆေးရုံအချို့တွင်မူ ကျန်းမာရေးဝန်ထမ်းနည်းပါးခြင်း၊ ပစ္စည်းကိရိယာ အခြေအနေအရ ကလေးမွေးဖွားပေးရန် အခက်အခဲရှိနိုင်ကြောင်းပြောဆိုသည်။

“သူတို့(မြို့နယ်)ဆေးရုံမှာခက်အခဲရှိနေတဲ့ဟာမျိုးဆိုရင် အဲလို( ကလေးမမွေးပေးနိုင်တာ) ရှိကောင်း၊ ရှိနိုင်တယ်ပေါ့နော်။ ပုံမှန်တော့ မမွေးပေးဘူးဆိုတာ ရှိတော့မရှိဘူးထင်ပါတယ်။ သူတို့(မြို့နယ်)ဆေးရုံရဲ့ဝန်ထမ်းရှိမှု၊ မရှိမှုပေါ်မှာမူတည်ပြီး နည်းနည်းတော့ခြားမယ်ထင်တယ်။ အဆင်ပြေ‌တဲ့ဆေးရုံတွေတော့ မွေးပေးပါတယ်” ဟု ၎င်းကဆိုသည်။

အာဏာမသိမ်းခင်ကမူ ‌ဆေးရုံတက်ရောက်မွေးဖွားရန် အဆင်မပြေပါက ကျေးလက်ဒေသတွင် တာဝန်ကျ သာဖွားဆရာမဖြင့် မွေးဖွားနိုင်သည့်အပြင် အနီးဆုံးမြို့နယ်ဆေးရုံသို့ သွားရောက်မွေးဖွားနိုင်သည်။

အာဏာသိမ်းပြီးနောက်တွင်မူ ယင်းအခြေအနေမဟုတ်တော့ပေ။

ထိုအပြင် ညမထွက်ရအမိန့်မှာ ရှိနေဆဲဖြစ်သောကြောင့် ကိုယ်ဝန်ဆောင်များ ညအချိန် အရေးပေါ် ကလေးမွေးဖွားရန်အတွက် ထားဝယ်ဆေးရုံသို့သွားရောက်နိုင်သည့် အခြေအနေလည်းမရှိပေ။

“ဟိုနားမှာ တိုက်ပွဲဖြစ်နေပြီ၊ ဒီနားမှာ ဗုံးပေါက်ပြီ တော်ကြာ မြို့ထဲဝင်မရဘူး၊ ကားတွေတန်းစီနေကြတယ်။ အဲဒီသတင်းတွေခဏခဏကြားနေရတော့ ဗိုက်ကြီးတစ်လုံးနဲ့ ငါ့အလှည့်ကျ ဘယ်လိုဖြစ်မလဲဆိုပြီး ရင်တမမနဲ့နေနေရတယ်။ မွေးပြီးမှပဲ အလုံးကြီးကျသွားတာ” ဟု ဒေါ်ညိုညိုဝင်းကဆိုသည်။

အလုပ်အကိုင် အခွင့်အလမ်းနည်းပါပြီး ကုန်ဈေးနှုန်းမြင့်တက်နေချိန် ကလေးမွေးဖွားစရိတ် မြင့်တက်ခြင်း၊ အလွယ်တကူဆေးရုံသွားပြီး မွေးဖွားရန်အခက်အခဲရှိနေခြင်းတို့က အခြေအခံလူတန်းစားများကို ကြီးမားသည့် အခက်အခဲများဖြစ်စေကြောင်း ၎င်းတို့ကဖွင့်ဟပြောဆိုကြသည်။