မူးယစ်ဆေးအမှုဖြင့် ထိုင်းတွင် ဖမ်းဆီးစွဲချက်တင်ခံရသူ ဦးထွန်းမင်းလတ်၏ ဟိုတယ်ထားဝယ် ဆက်ဖွင့်ထားဆဲ

0
2767
ဓာတ်ပုံ - Hotel Dawei Facebook Page

ထိုင်းနိုင်ငံတွင် မူးယစ်ဆေးရောင်းဝယ်ဖောက်ကားမှုဖြင့် ဖမ်းဆီးခံရကာ ပိုင်ဆိုင်မှုသိမ်းဆည်းခံထားရပြီး စွဲချက်တင်ခံထားရသည့် ခရိုနီလုပ်ငန်းရှင် ဦးထွန်းမင်းလတ်၏ ထားဝယ်မြို့ရှိဟိုတယ်မှာ လက်ရှိအချိန်အထိ လုပ်ငန်းလည်ပတ်နေဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။

မြန်မာစစ်ကောင်စီတပ်၏ လက်နက်ပွဲစားဟုဆိုသူ ဦးထွန်းမင်းလတ်ကို မူးယစ်ဆေးဝါးအမှုဖြင့် လုပ်ဖော်ကိုင်ဖက် ထိုင်းနိုင်ငံသား သုံးဦးနှင့်အတူ ၂၀၂၂ နှစ် စက်တင်ဘာ ၁၇ ရက်နေ့တွင် ဘန်ကောက်မြို၌ ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

၎င်းတို့နှင့်အတူ ဘတ်သန်းပေါင်းများစွာတန်ဖိုးရှိသည့် ပိုင်ဆိုင်မှုများကို သိမ်းယူခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

ထို့နောက် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် အနည်းဆုံးထောင်ဒဏ် ၁၅ နှစ်မှ သေဒဏ်အထိ ချမှတ်နိုင်သော မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ ငွေကြေးခဝါချမှု နှင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတို့ဖြင့် စွဲချက်တင်ထားသည်။

ပိုင်ဆိုင်မှုသိမ်းဆည်းခံရရာတွင် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သားသမီးများ၏ အမေရိကန်ဒေါ်လာတစ်သန်းတန် အဆင်မြင့်ဇိမ်ခံကွန်ဒိုတိုက်ခန်း အပါအဝင် ပိုင်ဆိုင်မှုအချို့လည်း ပါဝင်နေခဲ့ကြောင်း Justice For Myanmar က ထုတ်ပြန်ထားသည်။

ဦးထွန်းမင်းလတ် ပိုင်ဆိုင်သည့် Star Sapphire Hotel Co., Ltd သည် ၂၀၁၃ ခုနှစ်တွင် ထားဝယ်မြို့ ဗျောတောဝ ရပ်ကွက်ရှိ မြေဧရိယာ ၄ ဧက နီးပါးပေါ်၌ B.O.T စနစ်ဖြင့် Hotel Dawei ကို ငှားရမ်းလုပ်ပိုင်ခွင့်ရရှိထားသည်။

ထိုသို့ ထိုင်းနိုင်ငံတွင် ဖမ်းဆီးစွဲချက်တင်ခံထားရသည့် ဦးထွန်းမင်းလတ် ပိုင်ဆိုင်သည့် ဟိုတယ်ထားဝယ်မှာ ပုံမှန်ဖွင့်ထားပြီး တည်းခိုမည့်ဧည့်သည် လက်ခံနေဆဲဖြစ်ကြောင်း Dawei Watch က စုံစမ်းသိရသည်။

အဆိုပါ ဟိုတယ်တွင် ပြည်တွင်းဧည့်သည်များကို တစ်ရက်လျှင် ရှစ်သောင်းလေးထောင် (၈၄၀၀၀ ကျပ်) ကျသင့်သည့် အခန်းနှင့် တစ်သိန်းငါးထောင် (၁၀၅၀၀၀ ကျပ်) ကျသင့်သည့်အခန်းဟူ၍ အတန်းအစား နှစ်မျိုးရှိသည်။

နိုင်ငံခြားသားများကိုမူ တစ်ရက်လျှင် အမေရိကန်ဒေါ်လာ ၆၀ တန် အခန်းနှင့် ဒေါ်လာ ၇၀ ကျသင့်သည့် အခန်းများရှိ ကြောင်း အဆိုပါဟိုတယ်၏ဖုန်းကို ယခုရက်ပိုင်းအတွင်း ဆက်သွယ်မေးမြန်းချိန်တွင် တာဝန်ကျဝန်ထမ်းက ဖြေဆိုခဲ့သည်။

လက်ရှိ ပြင်ပငွေလဲနှုန်းဖြင့်တွက်ပါက တစ်ရက်လျှင် မြန်မာငွေ နှစ်သိန်းကျပ်ခန့် ကျသင့်မည်ဖြစ်သည်။

“ဘိုကင်(ကြိုတင်ငှားရမ်းခြင်း) တွေကို လက်ခံပါတယ်ရှင့်။ အခန်းကတော့ နှစ်မျိုးရှိပါတယ်” ဟု အထက်ပါ တာဝန်ကျဝန်ထမ်းက ပြောသည်။

Hotel Dawei အတွက် မြေငှားရမ်းကာလသည် နှစ် ၃၀ ဖြစ်ပြီး နောက်ထပ်သက်တမ်း ထပ်မံတိုးခွင့်ရှိကာ ကုမ္ပဏီမှ မြေနေရာ အသုံးပြုခအနေဖြင့် တစ်လလျှင် မြန်မာငွေကျပ် ၁ဝသိန်းသာပေးချေရကြောင်း Justice For Myanmar က ထုတ်ပြန်ထားသည်။

အသက် ၅၃ နှစ်အရွယ် ဦးထွန်မင်းလတ်သည် စစ်ကောင်စီတပ်ဖွဲ့အတွက် စစ်လက်နက်ပစ္စည်းများ ဝယ်ယူ ထောက်ပံ့ပေးနေသူဖြစ်ကြောင်းကိုလည်း ထိုင်းရဲတပ်ဖွဲ့က အခိုင်အမာပြောကြားထားသည်။

၎င်းကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ဦးထွန်းမင်းလတ်၏ ဘတ်သန်း ၁၈၀၀ ကျော် (ဒေါ်လာ ၅၁သန်းကျော်) တန်ဖိုးရှိသော ပိုင်ဆိုင်မှုများကိုလည်း သိမ်းဆည်းလိုက်ကြောင်း နိုဝင်ဘာလ ၂ ရက်နေ့တွင် ထိုင်းတရားရေးဝန်ကြီးက ကြေညာခဲ့သည်။

၎င်းသည် Allure Group နှင့် Star Sapphire Group စသော ကုမ္ပဏီများမှတစ်ဆင့် သတ္တုတူးဖော်ရေးလုပ်ငန်း၊ စွမ်းအင်လုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းများတွင်လည်း စစ်ကောင်စီနှင့် ချိတ်ဆက်လုပ်ကိုင်နေကြောင်း Justice For Myanmar က ထုတ်ပြန်ထားသည်။