တနင်္သာရီမြို့အနီး ဗောဓိကမ်းရွာတွင် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်က ဝင်တိုက်

0
2916

မြိတ်ခရိုင်၊တနင်္သာရီမြို့အနီး ဗောဓိကမ်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွါးနေကြောင်း ဒေသခံများထံမှသိရသည်။

ယနေ့နံနက် ၁၀ နာရီမှစတင်ကာ ဗောဓိကမ်းတံတားရှိ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်က လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်အထိ ပစ်ခတ်မှုဖြစ်နေသည်ဟု မြို့ခံများကပြောသည်။

“ဆယ်နာရီလောက်ကစပစ်တာ ခုပစ်ခတ်သံနည်းနည်းကြဲသွားပြီ။ ဗောဓိကမ်းဘက်ကရော အော်ကြီးဘက်ကပါပစ်တာ မြို့သားတွေက ကြားညပ်နေတယ်”ဟု တနင်္သာရီမြို့ ဒေသခံအမျိုးသား ကပြောသည်။

တနင်္သာရီမြို့အနီးရှိ စစ်ကောင်စီ၏ ၅၅၇ တပ်ရင်းအတွင်းသို့ ပြည်သူ့ကာကွယ်ရေးတပ်များက ဒရုန်းဖြင့်ဗုံးချခဲ့ကြပြီး ထိခိုက်မှုရှိသည်ဟု ဒေသခံများ ကပြောသည်။

“အရေးပေါ်ကားတွေနဲ့ သယ်နေတယ်ကြားတယ်။ ကျွန်တော်တို့လည်း ထွက်မကြည့်ရဲဘူး။ တံတားတွေလမ်းတွေလည်း အကုန်လုံးပိတ်ချထားတယ်” ဒေသခံနောက်တစ်ဦး ကပြောသည်။

တနင်္သာရီမြို့စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးများဖြင့် ပြည်သူ့ကာကွယ်ရေး တပ်များရှိရာသို့ပစ်ခတ်ခဲ့သည်ဟု ၎င်းတို့ကပြောသည်။

ဗောဓိကမ်းကျေးရွာသည် တနင်္သာရီမြို့နှင့်အနီးဆုံးကျေးရွာဖြစ်ပြီး မြို့နှင့်ရွာကို တံတားဖြင့် ဆက်သွယ်ထားသည်။

ဇန်နဝါရီ ၂၃ ရက်နှင့် ယနေ့နံက်တွင်လည်း တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ရွာအနီး နှစ်ဖက်တိုက်ပွဲဖြစ်ပွါးခဲ့သေးပြီး ခရီးသည်တင်ကား ရာချီပိတ်မိခဲ့သည်။

ဇန်နဝါရီ ၁ ရက်နေ့ကလည်း ဗောဓိကမ်းတံတားတွင် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သား သုံးဦးသေဆုံးခဲ့ရကြောင်း ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ ထံမှသိရသည်။